ရှမ်းရွာသစ်မြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရှမ်းရွာသစ်    စက်တင်ဘာ  ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် လူငယ်များ စာပေများဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေဖတ်ရှုခြင်းမှရရှိသော စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးစာဖတ်ဝိုင်းဆွေးနွေးပွဲကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့မှ ဦးဆောင်၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှအဖွဲ့ဝင်များက စာရေးဆရာမဒေါက်တာ မတင်ဝင်းရေးသားသော “အလုပ်ဆိုတာအင်အားပါ” စာအုပ်တွင် အလုပ်သည် ဘဝကိုမြင့်ရာသို့ တိုးတက်စေနိုင်သော တွန်းအားကိုထုတ်ပေးနိုင်သည်။ အမြင့်ကိုတက်လိုသူများ၊ အမြင့်မှနေ၍ ဆွဲယူနိုင်သောအားနှင့်လည်း ပြည့်စုံပါသည်။ အလုပ်ဆိုတာ မိမိကိုယ်ကို တည်ဆောက်ရန်အတွက် မိမိဘဝကို ခိုင်ခံ့စွာတည်ဆောက်ရန်အတွက် အလိုအပ်ဆုံးအင်အားဖြစ်သည်။ အလုပ်လုပ်တယ်ဆိုတာ စားဝတ်နေရေးအတွက် လုပ်တယ်မှန်ပါတယ်။ သို့သော် တစ်ပြိုင်နက်ထဲမှာ အခြားသော တန်ဖိုးများကိုလည်း ရချင်လို့အလုပ်လုပ်တာ ဖြစ်ပါတယ်။ အလုပ်လုပ်ရင်းက မိမိဟာ အရင်ကထက် ပိုပြီးပြည့်ဝလာတာ စိတ်ဓာတ်ခိုင်မာလာတာကို မိမိဘာသာ ပြန်လည်ခံစားလို့ရပါတယ်။ ယခုဆွေးနွေးသည့် စာအုပ်ထဲတွင် အလုပ်နှင့်ပတ်သက်သည့် ခေါင်းစဉ်ပေါင်း (၃၀) ပါရှိသည့်အတွက် လူငယ်များဖတ်ရှုသင့်သည့် စာအုပ်လေးဖြစ်ကြောင်း စသည်ဖြင့် အကျဉ်းချုပ် ဆွေးနွေးခဲ့ကြသည်။

ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြင့်မားလာပြီး အသိပညာဗဟုသုတများ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ နံရံကပ်စာစောင်ပြပွဲများ၊ စာဖတ်ရှိန်မြှင့်တင်ရေးပြိုင်ပွဲများနှင့် စာအုပ်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)