ရှမ်းရွာသစ်မြို့တွင် သဘာဝပတ်ဝန်းကျင်နှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရှမ်းရွာသစ်   စက်တင်ဘာ ၁၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ပေါ်ဒေသဖြစ်၍ မိုးရာသီကာလတွင် တောင်ကျရေများစီးဆင်းမှုကြောင့် မြေပြိုခြင်းနှင့် ရေကြီးမှုများဖြစ်ပေါ်တတ်သဖြင့် ကျောင်းသား၊ ကျောင်းသူများ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင်  အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာမြို့ဦးစီးမှူးဒေါ်ဇင်မိုးအေးနှင့် စာထောက်-၃ဒေါ်နော်မုနော်ဂေတို့က ရေကြီးမှုဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေမကြီးမီကြိုတင်ပြင်ဆင်ရမည့်အချက်များနှင့် သစ်တောသစ်ပင်ထိန်းသိမ်းခြင်းဆိုင်ရာ သိကောင်းစရာများကို ကျောင်းသား၊ ကျောင်းသူများအား စကော ကရင်၊ မြန်မာနှစ်ဘာသာဖြင့် အသိပညာပေးဟောပြောပြီးနောက် သဘာဝဘေးအန္တရာယ်များဖြစ်သော မြေပြိုဘေး၊ ငလျှင်ဘေး၊ ရေဘေးအသိပညာပေးအချက်များပါဝင်သည့် အသိပညာပေး နံရံကပ်စာစောင်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများပြသဆောင်ရွက်ထားရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာမှတ်သားခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးအနေဖြင့် ဒေသနေပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ အသိ ပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)