ပုသိမ် စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ညနေပိုင်းက ပုသိမ်- ရှောပြာ- ချောင်းသာကားလမ်း( မိုင်၀/၀မှ ၀/၇.၂၅)အတွင်း ယာဉ်သွားလမ်းချဲ့ခြင်းနှင့် လူသွားလမ်းပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်း အောက်ခံလွှာလောင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လမ်းအရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်တက္ကသိုလ်၊ စံပယ်ဆောင်၊ မြကန်သာခန်းမ၌ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်)ပြိုင်ပွဲဝင်ရောက်ရန် စခန်းသွင်းလေ့ကျင့်မည့် ပြိုင်ပွဲဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီး၏ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ယခုလပထမပတ်က ကျင်းပပြီးစီးခဲ့ပါကြောင်းနှင့် ပြိုင်ပွဲဝင်များအား ရွေးချယ်၍ စခန်းသွင်းလေ့ကျင့်ခြင်း ဖြစ်ပါကြောင်း၊ စခန်းသွင်းလေ့ကျင့်ရာတွင် အကဲဖြတ်ဝါရင့်အနုပညာရှင်ကြီးများ၏ သုံးသပ်အကဲဖြတ်ချက်များ၊ အကြံပြုကိုလည်း သေချာစွာ မှတ်သားလိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကြိုတင်ပြင်ဆင်၍ စုစည်းမှုစည်းလုံးမှု အားကောင်းကောင်းဖြင့် စခန်းသွင်းလေ့ကျင့်ခြင်းဖြင့် ဗဟိုအဆင့်တွင် တိုင်းဒေသကြီး၏ လက်ရှိအဆင့်မှ နောက်တစ်ဆင့်သို့ တက်လှမ်းရန်နိုင်ဖြစ်ပါကြောင်း၊ ယခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် ဗဟိုမှညွှန်ကြားချက်များကိုလည်း စနစ်တကျ ထုတ်ပြန်ထားပြီးဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် စခန်းသွင်းလေ့ကျင့်စဉ်ကပင် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက်များကို စနစ်တကျ လိုက်နာဆောင်ရွက်ကြရန်လိုပါကြောင်း၊ ပံ့ပိုးပေးသူများအနေဖြင့်လည်း ဝတ်စားဆင်ယင်မှုမှစ၍ စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ် အတွေ့အကြုံများကို အခြေခံ၍ အားသားချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်ပြင်ဆင်ကြရမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီး ကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်ဗဟိုအဆင့်ပြိုင်ပွဲတွင် ရရှိခဲ့သည့် ဆုတံဆိပ်များထက် ပိုမိုရရှိအောင် ဆောင်ရွက်နိုင်ပါစေကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အောင်မြင်မှုရရှိရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။
လှမင်းထွဋ်(ပြန်/ဆက်)