မြိတ်မြို့တွင် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုချီးမြှင့်

မြိတ်   စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့တွင် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲရုံးတွင် ကျင်းပခဲ့ပြီး ရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ၂၀၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ထံမှ ပေးပို့လာသော သဝဏ်လွှာအား  မြိတ်ခရိုင်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မောင်ဆွေက ဖတ်ကြားသည်။ ထို့နောက် ရှေးဦးပြုစုခြင်းဆိုင်ရာ ထူးချွန်ဆုရရှိသူများ ဆုချီးမြှင့်ရာ နိုင်ငံတော်အဆင့် ရှေးဦးပြုစုခြင်း ကဗျာပြိုင်ပွဲ(အင်္ဂလိပ်ဘာသာ) ရှေးဦးပြုစုခြင်း စွမ်းရည်ပြိုင်ပွဲ၊ မြို့နယ်အဆင့် ရှေးဦးပြုစုခြင်းနှင့်အထွေထွေဗဟုသုတပြိုင်ပွဲ၊ ပတ္တီးစွမ်းရည်ပြိုင်ပွဲ၌ ဆုရရှိကြသူများအား မြိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်နန်းနန်းနှင့် တာဝန်ရှိ သူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ကူညီဆောင်ရွက်ပေးကြသူများ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ဖွင့်လှစ်ထားသော အခမဲ့ဆေးကုသခန်းတွင် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးကြသူများ၊ အခမဲ့ဆေးကုသခန်းအတွက် အလှူငွေများလှူဒါန်းကြသူများကို မြိတ်ခရိုင် ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

မြိတ်မြို့နယ် ကြက်ခြေနီအသင်းခွဲနှင့် တပ်ဖွဲ့ဝင်များသည် နေပြည်တော်တွင် ကျင်းပသည့် ၂ဝ၂၄ ခုနှစ် ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနား၌ သဘာဝဘေးအန္တရာယ်များတွင် ရှေးဦးပြုစုခြင်း ဖြင့် အကြိမ်ရေအများဆုံး ကူညီဆောင်ရွက်ပေးနိုင်ခဲ့မှု ဒုတိယဆု၊ ရှေးဦးပြုစုခြင်းဖြင့် စွမ်းစွမ်းတမံကူညီဆောင်ရွက်ပေးနိုင်ခြင်း ဂုဏ်ပြုဆု၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အထိမ်းအမှတ် အမျိုးသမီးတစ်ဦးချင်း စွမ်းရည်ပြိုင်ပွဲ တတိယဆု၊ အမျိုးသမီးနှစ်ယောက်တွဲ စွမ်းရည်ပြိုင်ပွဲ ပထမဆု၊ ကဗျာ(အင်္ဂလိပ်ဘာသာ)ပြိုင်ပွဲ ပထမဆုနှင့်တတိယဆု၊ ရှေးဦးပြုစုခြင်းသင်တန်း အကြိမ်ရေအများဆုံး ဖွင့်လှစ်နိုင်မှု ဒုတိယဆုတို့ကို ရရှိခဲ့ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)