မြိတ် စက်တင်ဘာ ၁၆
အောက်တိုဘာ(၁)ရက်တွင် ကျရောက်မည့် နှစ်(၆၀)ပြည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ကျော်အောင် ဦးဆောင်မှုဖြင့် မြိတ်ပြည်သူ့ဆေးရုံ သွေးလှူဘဏ်တွင် ယမန်နေ့က မြိတ်ခရိုင်ရှိအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များ စုပေါင်းပြီး သွေးလှူဒါန်းခဲ့ကြသည်။
ထိုသို့စုပေါင်းသွေးလှူဒါန်းခြင်းသည် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် အမှန်တကယ်သွေး လိုအပ်နေသော ဝေဒနာရှင်များအတွက် အလှူတစ်ရပ်အနေဖြင့် ရဲတပ်ဖွဲ့ဝင်စုစုပေါင်း(၄၂)ဦး စုပေါင်းလှူဒါန်းကြရာ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြပြီး သွေးလှူဒါန်းကြသူများကို ကြက်ဥ၊ Royal D အအေးဗူးနှင့် သွေးအားတိုးဆေးများ ပေးအပ်ခဲ့ကြသည်။
သွေးလှူဒါန်းရာတွင် မြိတ်ခရိုင်လုံခြုံရေးတပ်ခွဲ၊ မြိတ်မြို့နယ်နှင့် ကျွန်းစုမြို့နယ် ရဲတပ်ဖွဲ့၊ ရေကြောင်း ရဲတပ်ဖွဲ့စု(မြိတ်)၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စု(မြိတ်)၊ လေကြောင်းရဲတပ်ဖွဲ့စု(မြိတ်)၊ ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မြိတ်)နှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံ ရေးရဲတပ်ဖွဲ့စိတ်(မြိတ်)တို့မှ အရာရှိ/အခြားအဆင့်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ပြည်သူ့ဆေးရုံ သွေးလှူဘဏ်သို့ လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)