ဘားအံ စက်တင်ဘာ ၁၆
မြန်မာ့ရိုးရာယဉ်ကျေးမှုဓလေ့စရိုက်များ ထင်ဟပ်ပေါ်လွင်စွာနှင့် အနှစ်သာရပြည့်ဝစွာ ဆင်ယင်ကျင်းပခဲ့သော ကရင်ပြည်နယ် ၂၀၂၄ ခုနှစ် (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။
ဆုချီးမြှင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒိုင်အဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး အခြေခံပညာ (၁၀-၁၅)နှစ် အမျိုးသား/အမျိုးသမီးအက၊ (၁၅-၂၀) အမျိုးသမီးအက၊ ဝါသနာရှင်(ဒုတိယတန်း) အမျိုးသား/အမျိုးသမီးအက၊ မဟာဂီတအခြေခံပညာ(၁၀-၁၅) အမျိုးသမီးအဆိုပြိုင်ပွဲနှင့် ကဗျာလွတ်အကပြိုင်ပွဲတို့တွင် ပထမဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က မဟာဂီတ၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ခေတ်ဟောင်းတေး/ကာလပေါ် အခြေခံပညာအဆင့်၊ဝါသနာရှင်အဆင့်၊အဆင့်မြင့် ပညာအဆင့် အဆိုပြိုင်ပွဲတွင် ပထမဆုရရှိကြသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းက အခြေခံပညာအဆင့်၊ ဝါသနာရှင်အဆင့်၊ အဆင့်မြင့်ပညာအဆင့် အဆိုပြိုင်ပွဲများတွင် ပထမဆု ရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ကျန်ရှိသည့်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆု ရရှိသူများကိုလည်းကောင်း အသီးသီးဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြိုင်ပွဲတွင် ဆုရရှိသူများက ပြန်လည်တီးမှုတ်သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပြိုင်ပွဲဝင် အနုသုခုမ ဝါသနာရှင်၊ ပညာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ဗဟိုအဆင့် ပြိုင်ပွဲကြီးတွင် ပြည်နယ်၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင်နိုင်သူများဖြစ်ကြစေရန် အောင်မြင်မှုများရရှိသည်အထိ ကြိုးစား လေ့ကျင့်ယှဉ်ပြိုင်ကြရန် တိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)