မြို့သစ် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့နံနက်၁၁နာရီတွင် ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည် ရေလှောင်တမံရေပိုလွှဲတို့မှ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀) ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၅၆၁ ဒသမ ၃၀) ပေ ရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၈)ပေခန့်၊ စွန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၂၅) ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၆၂၆ ဒသမ ၄၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ (၁ ဒသမ ၄) ပေခန့်၊ ပုလင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၆၈၅) ပေဖြစ်ပြီး လက်ရှိရေအမှတ်မှာ (၆၈၅ ဒသမ ၈၀) ပေရှိသည့်အတွက် ရေပိုလွှဲမှ (၀ ဒသမ ၈) ပေခန့် ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်၊ စွန်ဆည်နှင့် ပုလင်းဆည်ရေလှောင်တမံရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အဦများမှာ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အောက်ပိုင်းချောင်းတစ်လျှောက်ရှိ ကျေးရွာနေပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု၍ အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများဆောင်ရွက်ကာ ဆည်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများတွင် အရေးပေါ်အခြေအနေအဆင့် (၁) အဖြစ် အစိမ်းရောင်အလံများစိုက်ထူကာ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)