မင်းဘူး (စကု) မြို့နယ်၌ ပညာဘဏ်စာကြည့်တိုက်နှင့် အရုဏ်ဦးစာကြည့်တိုက်အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်

မင်းဘူး စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန် ဒေသခံပြည်သူများနှင့် ယနေ့ခေတ် ကျောင်းသားလူငယ်များ စာအုပ်စာပေများကို အလွယ်တကူစာပေဖတ်ရှုလေ့လာနိုင်စေရန်၊ စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်ကောင်းများ ရရှိနိုင်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ဖွင့်လှစ်သည့် ပညာဘဏ်စာကြည့်တိုက်နှင့် အရုဏ်ဦးစာကြည့်တိုက်အဆောက်အအုံသစ် နှစ်တိုက်ကို စကုမြို့အမှတ် (၁) ရှမ်းစုရပ်ကွက်နှင့် ပင်လယ်သက်ကျေးရွာတို့တွင် တိုးချဲ့ဆောက်လုပ်ပြီး ယမန်နေ့ နံနက်ပိုင်းက စတင်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ စာကြည့်တိုက်အဆောက်အအုံအသစ်နှစ်တိုက် ဖွင့်ပွဲအခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီ ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွပ်ကွဲမှုဌာနချုပ်မှူး ဗိုလ်မှူးချပ် သိန်းထွန်းဦး၊ မကွေးတိုင်းဒေသကြီးအတွင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ လူမှုရေးရာဝန်ကြီး ဦးမျိုးမြင့်တို့က စကုမြို့ ပညာဘဏ်စာကြည့်တိုက်နှင့် ပင်လယ်သက်ကျေးရွာ အရုဏ်ဦးစာကြည့်တိုက် အဆောက်အအုံအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ၊ ပရိဘောဂများ ဖြည့်တင်းထားရှိမှုနှင့် ခင်းကျင်းပြင်ဆင် ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ဖွင့်ပွဲအခမ်းအနားဒုတိယပိုင်းတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ၊ ကျောင်းသားလူငယ်များနှင့် တွေ့ဆုံစဉ် နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့်လည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လှူဒါန်းငွေဖြင့်လည်းကောင်း စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်းဒေသကြီးအတွင်း စာကြည့်တိုက်အဆောက်အအုံအသစ်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ရှိပြီးသား စာကြည့်တိုက်များအတွက် ပရိဘောဂအထောက်အကူပြုပစ္စည်းများ ဖြည့်ဆည်းပေးခြင်းနှင့် သုတ၊ ရသစာအုပ်စာပေများ လှူဒါန်းပေးခြင်းကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်ပေးသည့် စာကြည့်တိုက်များကို အကျိုးရှိစွာအသုံးချပြီး စာကြည့်တိုက်လုပ်ငန်းများ စနစ်တကျ ရှင်သန်လည်ပတ်ဆောင်ရွက်ရေး၊ ပရိဘောဂစာအုပ်၊ စာစောင်များ ပျက်စီးပျောက်ဆုံးမှုမရှိစေရေးနှင့် စာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကို ဒေသခံများက ဝိုင်းဝန်းထိန်းသိမ်းပြီး  ပူပေါင်းဆောင်ရွက်ကြစေလိုပါကြောင်းစသည်ဖြင့် ပြောကြားခဲ့သည်။

စကုမြို့ ပညာဘဏ်စာကြည့်တိုက်အသစ် တိုးချဲ့ဆောက်လုပ်ခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေများဖြင့် စာကြည့်တိုက်အဆောက်အအုံအတွက် ငွေကျပ်သိန်း ၁၀၀ ၊ စာအုပ်၊ စာစောင်များအတွက် ငွေကျပ် သိန်း ၂၀ နှင့် ပရိဘောဂပစ္စည်းများအတွက် ငွေကျပ် သိန်း ၃၀ ကို မတည်လှူဒါန်းပြီး၊ ဒေသခံပြည်သူများမှ အဆောက်အအုံအတွက် ထည့်ဝင်ငွေ ကျပ်သိန်း ၅၀ ၊  လျှပ်စစ်မီးတပ်ဆင်ခြင်းအတွက် H-Way စက်သုံးဆီအရောင်းဆိုင်မှ အလှူငွေကျပ် ၁၂ သိန်း၊ စာကြည့်တိုက်ရေရှည်တည်တံ့လည်ပတ်နိုင်ရေးအတွက် ငွေပဒေသာပင် နှစ်သိန်းကျပ်အပြင် ခြံစည်းရိုးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှစီစဉ်မှုဖြင့် ငွေကျပ် ၆၆ သိန်းကျော်တို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း၊ အလားတူ ပင်လည်သက်ကျေးရွာ အရုဏ်ဦးစာကြည့်တိုက် အသစ်တိုးချဲ့ဆောက်လုပ်ခြင်းကို နိုင်ငံတော်အစိုးရ (ပြည်ထောင်စု) နှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေများဖြင့် စာကြည့်တိုက်အဆောက်အအုံအတွက် ငွေကျပ်သိန်း ၁၀၀၊ စာအုပ်၊ စာစောင်များအတွက် ငွေကျပ် သိန်း ၂၀ နှင့် ပရိဘောဂပစ္စည်းများအတွက် ငွေကျပ် သိန်း ၃၀ မတည်လှူဒါန်းပြီး၊ ကျေးရွာမှ အဆောက်အအုံအတွက် ထည့်ဝင်ငွေကျပ် ၂၅ သိန်း၊  လျှပ်စစ်မီးတပ်ဆင်ခြင်းအတွက် အလှူရှင်တစ်ဦးမှ ငွေကျပ် ၁၀ သိန်း၊ စာကြည့်တိုက်ရေရှည်တည်တံ့လည်ပတ်နိုင်ရေးအတွက် ငွေပဒေသာပင် သုံးသိန်းကျပ်အပြင် ခြံစည်းရိုးအတွက်ဆောင်ရွက်ခြင်းလုပ်ငန်းများကို စေတနာရှင် အလှူရှင်များက အဘက်ဘက်မှ ဝိုင်းဝန်းစုပေါင်းလှူဒါန်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မကွေးတိုင်းဒေသကြီးအတွင်း၌ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်ပေါင်း ၂၇၅ တိုက် ဖွင့်လှစ်ထားရှိပြီး တိုင်းရင်းပြည်သူများ၏ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေအပြင် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ မတည်လှူဒါန်းငွေများဖြင့် စာကြည့်တိုက်အဆောက်အအုံအသစ် စုစုပေါင်း ၂၁ တိုက်ကို ထပ်မံတိုးချဲ့ပြီး ဆောက်လုပ်ပေးသွားမည်ဖြစ်ရာ မင်းဘူးခရိုင်အတွင်း၌ နိုင်ငံတော်အစိုးရနှင့် ပြည်သူများမှ စုပေါင်းလှူဒါန်းငွေဖြင့် စာကြည့်တိုက် (၄)တိုက်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းငွေဖြင့် စာကြည့်တိုက် (၂) တိုက် စုစုပေါင်း စာကြည့်တိုက် (၆)တိုက်ကို အသစ်တိုးချဲ့၍ တစ်တိုက်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်းဖြင့် ယခုဘဏ္ဍာနှစ်အတွင်း အပြီးဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)