ချောက် စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင်၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကိုယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က ချောက်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် ချောက်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့်စာရင်းစစ်၊ စာရင်းကောက်သင်တန်းနည်းပြခန့်အပ်လွှာများကို ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်နိုင်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင် ဒုတိယရဲမှူးကြီး မျိုးမင်းကို၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးတင်အောင်ကျော်၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအဖွဲ့ဝင်များဖြစ်သည့် ခရိုင်မြေစာရင်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးသောင်းနိုင်ဦး၊ ခရိုင်ပညာရေးမှူး ဦးမန်းအောင်တို့က ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါခရိုင်အဆင့်နည်းပြသင်တန်းကို သင်တန်းနည်းပြ (၃) ဦးက ခရိုင်အတွင်းရှိ ချောက်မြို့နယ်နှင့် ရေနံချောင်းမြို့နယ်များမှ သင်တန်းသား သင်တန်းသူ စုစုပေါင်း (၁၂) ဦးဖြင့် စက်တင်ဘာ ၂ ရက်မှ ၁၃ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပို့ချသွားခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားသို့ ချောက်ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး တင်အောင်ကျော်နှင့် ဝန်ထမ်းများ၊သင်တန်းနည်းပြဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)