ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) သို့ တက်ရောက်

ဟားခါး စက်တင်ဘာ ၁၅

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို စက်တင်ဘာလ ၁၂ ရက် မွန်းလွဲ ၁ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ကို ၂၀၂၃ ခုနှစ်၊ မေလတွင် စတင်ဖွဲ့စည်းခြင်းဖြစ်ပြီး လုပ်ငန်းလိုအပ်ချက်အရ ဆပ်ကောင်မတီများလည်း ထပ်မံဖွဲ့စည်းခဲ့ပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ၎င်း၏သက်ရောက်မှုက အင်မတန်ကြီးမားပါကြောင်း၊ ထင်သာမြင်သာသည့် ရုပ်ဝတ္ထုပစ္စည်းပျက်စီးမှုသာမက ဘေးဒဏ်ကြောင့် ဘဝပျက်သူနှင့် ဆွေမျိုးသားချင်းမိတ်ဆွေများ၊ မြေပေါ်မြေအောက်၊ ရေပေါ်ရေအောက်ရှာဖွေရေးဝန်ထမ်းများ၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ရှိသူများ၊ အစိုးရအဖွဲ့နှင့် ပြည်သူတစ်ရပ်လုံး ဝမ်းနည်းစိတ်ထိခိုက်ရပါကြောင်း၊ သို့ဖြစ်၍ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးလုပ်ငန်းသည် အင်မတန်ကျယ်ပြန့်သည့်အတွက် ကဏ္ဍအလိုက် ဆပ်ကော်မတီများ ဖွဲ့စည်းထားခြင်းဖြစ်ကြောင်းနှင့် တက်ရောက်လာကြသည့် ကော်မတီတာဝန်ရှိသူများအနေဖြင့် တင်ပြလိုသည့်အချက်များကို လွတ်လပ်စွာတင်ပြကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအောင်ချို၊ တွဲဖက်အတွင်းရေးမှူး၊ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးဆန်ကုန်းတို့က သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့၏ လုပ်ငန်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် အစီအမံများကို ရှင်းလင်းတင်ပြကြပြီးနောက် ဆပ်ကော်မတီအသီးသီးရှိ တာဝန်ရှိသူများက ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ တွဲဖက်အတွင်းရေးမှူးနှင့် ဆပ်ကော်မတီ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်း၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦး၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်ဥပဒေချုပ် ဦးဆွန်းဒုတ်ကျင့်တို့က ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်းပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)