ငရုတ်ကောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

ငရုတ်ကောင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၊ ရေကျော်ကျေးရွာအုပ်စု ရွာသစ်ကုန်းကျေးရွာ အ.လ.ကကျောင်းတွင် ယမန်နေ့နယ်ပိုင်းက ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရွာသစ်ကုန်းကျေးရွာအခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်များအတွက် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ငရုတ်ကောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကျော်မာလာလွင်မှ “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့်ဟောပြောရာ အရွယ်သုံးပါးလုံး စာဖတ်ကြရန်လိုအပ်ကြောင်း ပထမအရွယ်မှာ စာပေများဖတ်ရှုခြင်းဖြင့် ကျောင်းသင်ခန်းစာအတွက် အထောက်အကူဖြစ်ပြီး ဗဟုသုတများရရှိစေကြောင်း၊ ဒုတိယအရွယ်မှာ စာဖတ်ခြင်းဖြင့် ဘဝရပ်တည်ဖို့နှင့် ဘဝတိုးတက်ဖို့အတွက် အထောက်အကူဖြစ်ပြီး ဗဟုသုတများ ရရှိစေမှာဖြစ်ကြောင်း၊ တတိယအရွယ်မှာ စာပေများဖတ်ရှုခြင်းဖြင့်    စိတ်အေးချမ်းဖို့နှင့်တရားအမြင်အတွက် အထောက်အကူဖြစ်ပြီး ဗဟုသုတများရရှိစေမှာဖြစ်ကြောင်းနှင့် စာဖတ်ခြင်းကြောင့်ရရှိသော အကျိုးကျေးဇူးများစွာ ရရှိကြောင်း ဥပမာပေး၍ ရှင်းလင်းဟောပြောခဲ့သည်။

ဆက်လက်၍ နံရံကပ်စာစောင်ပြပွဲတွင် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အကြောင်းအရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်းအရာများကို ပြသပေးရာ ကလေးများမှ စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ငရုတ်ကောင်း(ပြန်/ဆက်)