ပွင့်ဖြူ စက်တင်ဘာ ၁၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နှမ်းစိုက်ပျိုးခြင်းကို ၁၂၁၄၂ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပြည်တွင်း စားသုံးဆီဖူလုံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရေးအတွက် ဆီထွက်သီးနှံ နှမ်းစိုက်ဧက ၁၂၁၄၂ ဧက လျာထား စိုက်ပျိုးသွားမည်ဖြစ်ကာ သတ်မှတ်လျာထားဧက ပြည့်မီစေရန်နှင့် သီးနှံအထွက်နှုန်းများ တိုးတက် ကောင်းမွန်စေရေးအတွက် ဒေသခံတောင်သူများက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ယခုနှစ် အောက်တိုဘာလမှ စတင်စိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ဆီထွက်သီးနှံ နှမ်းစိုက်ဧက ၁၂၁၄၂ ဧက စိုက်ပျိုးဖို့ လျာထားပါတယ်။ ဆောင်းသီးနှံ နှမ်းစိုက်ပျိုးခြင်းကို ယခုနှစ်အောက်တိုဘာလမှာ စတင်စိုက်ပျိုးသွားမှာဖြစ်ပြီး လျာထားဧကပြည့်မီအောင်နဲ့ အထွက်နှုန်းများ တိုးတက်စေဖို့ ဒေသခံတောင်သူတွေကို ဒေသနဲ့ကိုက်ညီတဲ့ မျိုးကောင်းမျိုးသန့်များ ရွေးချယ်စိုက်ပျိုးကြဖို့၊ အထွက်နှုန်း ကောင်းတဲ့ ပေါင်ကြီးတင် စိုက်ပျိုးရေးနည်းစနစ်များ အသုံးပြုစိုက်ပျိုးကြဖို့၊ မြေဩဇာစနစ်တကျ သုံးစွဲပြီး သီးနှံပိုးမွှားရောဂါ မကျရောက်အောင် ကြိုတင်စီမံဆောင်ရွက်သွားကြဖို့ စတဲ့ စိုက်ပျိုးရေး အသိပညာပေးလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်”ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောပြသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပြည်တွင်း စားသုံးဆီ ဖူလုံပိုလျှံစေရန်၊ ပြည်သူများ ဆီစားသုံးရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး ဘေးကင်းလုံခြုံစွာ ဆီစားသုံး နိုင်ရန်နှင့် ပြည်ပသွင်းကုန် အစားထိုးအနေဖြင့် ဆီထွက်သီးနှံများသည့် နှမ်း၊ နေကြာ၊ မြေပဲ၊ ပန်းနှမ်း စသည့် သီးနှံများကို စိုက်ပျိုးထုတ်လုပ်ကာ ထွက်ရှိလာသော ဆီများကို ဈေးကွက်အတွင်း ဖြည့်တင်း ရောင်းချပေးနိုင်ရန် ရည်ရွယ်ပြီး ဆီထွက်သီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့စိုက်ပျိုးရာ၌ တောင်သူများ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေး အတွက် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက သက်ဆိုင်ရာ ဆက်စပ်ဌာနများနှင့် ပူးပေါင်းပြီး မျိုးကောင်းမျိုးသန့်များ ရရှိရေး ၊ စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိရေး၊ အရည်အသွေးကောင်း သီးနှံများထွက်ရှိလာစေရန် လိုအပ်သည့် စိုက်ပျိုးရေးဆိုင်ရာ တောင်သူပညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ခြင်း၊ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးခြင်းနှင့်ပြောင်းလဲလာသော ခေတ်စနစ်များနှင့်အညီ သီးနှံ အထွက်နှုန်းများ တိုးတက်စေရန် စိုက်နည်းစနစ်မှန်ကန်စေရေး ဆောင်ရွက်ပေးခြင်း စသည့် တောင်သူ ပညာပေးလုပ်ငန်းများကို ကြီးကြပ်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )