မြိတ် စက်တင်ဘာ ၁၅
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၏ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းကို မြိတ်တက္ကသိုလ်တွင် ဖွင့်လှစ်လျက်ရှိရာ စက်တင်ဘာ(၁၄)ရက် ညနေ(၃)နာရီက သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။
သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေး အစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာ အချက်အလက် မေးခွန်းများ စသည့်ဘာသာရပ်များကို စာတွေ့/လက်တွေ့ သင်ကြားလေ့ကျင့် ပေးခဲ့သည်။
“သန်းခေါင်စာရင်းဆိုတာ လူဦးရေနှင့်အိမ်အကြောင်းအရာပါ။ နိုင်ငံတော်တိုးတက်ဖို့အတွက် Data အချက်အလက်တွေ ကောက်ယူရတာဖြစ်တဲ့အတွက် ဒီဟာတွေကို အခြေခံပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီသန်းခေါင်စာရင်းကောက်ယူရေးဟာ အလွန်အရေးကြီးပါတယ်။ ဒီလုပ်ငန်းမှာ ပါဝင်ရတာ ဂုဏ်ယူမိပါတယ်။ သန်းခေါင်စာရင်းက လူတိုင်းနှင့်ဆိုင်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူလိုရတဲ့ အချက်အလက်တွေအပေါ်မှာမူတည်ပြီး အစိုးရကလည်းမူဝါဒတွေ ကောင်းကောင်းမွန်မွန် ချမှတ်ပြီးတော့ ဖြည့်ဆည်းဆောင်ရွက်သွားနိုင်မယ်ဆိုရင်တော့ နိုင်ငံတော်အတွက် တိုးတက်မှုလမ်းစတွေ အများကြီးတွေ့ရမှာဖြစ်ပါတယ်”ဟု သင်တန်းသား ဦးဝေလွင်စိုးက ပြောသည်။
သင်တန်းဆင်းပွဲတွင် မြိတ်ခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြိတ်ခရိုင်ဦးစီးမှူး ဦးထွန်းဇော်ဦးက သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်ပေးအပ်သည်။ ထို့နောက် သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
“ ၂ဝ၂၄ ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှစပြီးတော့ ကောက်ယူမယ့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကိစ္စနှင့် ပတ်သက်ပြီးတော့ ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အခုဆိုရင် ခရိုင်အဆင့်သင်တန်း သင်တန်းကာလ(၁၀)ရက် သင်တန်းပေးပြီးဖြစ်ပါတယ်။ မြို့နယ်အဆင့်မှာ စာရင်းစစ် စာရင်းကောက်နည်းပြသင်တန်းမှာလည်း ထိထိရောက်ရောက် ပြန်လည်ဆွေးနွေးပို့ချနိုင်အောင်လည်း အပြည့်အဝ ပေးလိုက်ပါတယ်။ မြိတ်ခရိုင်အတွင်း မြို့နယ်(၄)မြို့နယ်မှာ ရပ်ကွက်/ကျေးရွာအားလုံးကို လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းမှာ ပါဝင်ကြတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးနဲ့ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပြီးတော့ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို အောင်မြင်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်”ဟု မြိတ်ခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး ဦးထွန်းဇော်ဦးက ပြောသည်။
သင်တန်းကို စက်တင်ဘာ(၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်၍ မြို့နယ်များမှ ခရိုင်အဆင့်နည်းပြ သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် နည်းပြများမှ သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်အဆင့် သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားကြမည်ဖြစ်သည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများအလိုက် သန်း ခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်းကောက်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)