ငဖဲမြို့နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံ ပင်မရေပိုလွှဲများမှရေကျော်ကျ

ငဖဲ  စက်တင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် မန်းချောင်းရေလှောင်တမံနှင့် ရင်းရှည်ရေလှောင်တမံရှိသည့်အနက် မန်းချောင်းရေလှောင်တမံသည် စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းလာသည့်အတွက် ယနေ့နံနက် ၉ နာရီအချိန်တိုင်းထွာချက်အရ တမံအမြင့်ပေ ၆၄၀၊ ဆည်ရေပြည့်အမှတ် ၆၂၅ ပေရှိရာမှ ၆၂၇.၅ ပေသို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၂.၅ ပေအမြင့်နှင့် ရင်းရှည်ရေလှောင်တမံသည် တမံအမြင့်ပေ ၆၁၀၊ ဆည်ရေပြည့်အမှတ် ၆၀၂ ပေရှိရာမှ ၆၀၂.၄ ပေသို့ ရောက်ရှိပြီး ပင်မရေပိုလွှဲမှ ၀.၄ ပေအမြင့်အဖြစ် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

“ငဖဲမြို့နယ်တွင် စက်တင်ဘာလ ဒုတိပတ်မှစတင်၍ မိုးများရွာသွန်းခဲ့ရာ စက်တင်ဘာ ၁၁ ရက်နေ့ကစပြီး မန်းချောင်းရေလှောင်တမံ ပင်မရေပိုလွှဲမှ ၁ ပေအမြင့်နဲ့ စတင်ရေကျော်လာခဲ့ကာ ယနေ့အထိ မိုးများအဆက်မပြတ်ရွာသွန်းလာခဲ့သည့်အတွက် ဆည်အတွင်းရေဝင်ရောက်မှုများပြားလာကာ ၂.၅ ပေခန့်မြင့်တက်၍ ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း၊ ရင်းရှည်ရေလှောင်တမံတွင် စက်တင်ဘာလ ၁၂ ရက်နေ့မှစ၍ စတင်ရေကျော်လာခဲ့ရာ စက်တင်ဘာလ ၁၅ ရက်နေ့တွင် ၀.၄ပေ အမြင့်အဖြစ် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်းနှင့် စိုးရိမ်ဖွယ်ရာအခြေအနေမရှိကြောင်း၊ မန်းချောင်းတမံ ဝန်ထမ်းများကလည်း တမံရေဝင်ရောက်မှုအခြေအနေကို အမြဲမပြတ်စောင့်ကြည့်လျက်ရှိပါတယ်” ဟု ငဖဲမြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန်းမြင့်ကြည်က ပြောကြားသည်။

ငဖဲမြို့နယ်အတွင်းရှိ ဆည်တမံများအထက်ပိုင်းတွင် မိုးရွာသွန်းမှုပိုမိုများပြားခဲ့သည့်အတွက် တမံအတွင်းတောင်ကျချောင်းရေဝင်ရောက်မှုများခဲ့ပြီး စက်တင်ဘာလ ဒုတိယပတ်အတွင်း မိုးများအဆက်မပြတ်ရွာသွန်းနေသည့်အတွက် တမံရေပြည့်အမှတ်များထက် ရေကျော်ကျမှုရှိခဲ့ရာ ရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများအား မန်းချောင်းတမံနှင့်ရင်းရှည်တမံအောက်ဘက်ရှိ ကျေးရွာများမှပြည်သူများ ကြိုတင်သိရှိနိုင်ရန် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မယု(ငဖဲ)