ဘားအံခရိုင်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကျင်းပ

ဘားအံ စက်တင်ဘာ ၁၅

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ဘားအံခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ ခွဲက ဘားအံခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဘားအံခရိုင်၊ ဘားအံမြို့နယ်မှ နည်းပြသင်တန်းသား၊ သင်တန်းသူ(၂၁)ဦး၊ လှိုင်းဘွဲမြို့နယ်မှ (၁၂)ဦး စုစုပေါင်း (၃၃)ဦးတို့သည် သန်းခေါင်စာရင်းဆိုင်ရာ လက်တွေ့ကွင်းဆင်းလေ့ကျင့်မှုများကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာများတွင် Tablet များ အသုံးပြု၍ တစ်အိမ် တက်ဆင်း လက်တွေ့လေ့ကျင့်မှုများဆောင်ရွက်ကြရာ ဘားအံခရိုင် သန်းခေါင်စာရင်းကော်မတီ အတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမင်းနောင်နှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် သင်တန်းဆင်းပွဲကိုကျင်းပရာ ဘားအံခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဘားအံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်လွင်က သင်တန်းဆင်းအမှာစကား ပြောကြားပြီး နည်းပြသင်တန်းသား၊ သင်တန်းသူ ကိုယ်စားလှယ်များအား နည်းပြခန့်အပ်လွှာများနှင့် သင်တန်းမှတ်တမ်းဓာတ်ပုံများ ပေးအပ်ချီးမြှင့်ရာ သင်တန်းသား၊ သင်တန်းသူများ(ကိုယ်စား) သင်တန်းသားတစ်ဦးက သင်တန်းဆိုင်ရာ အတွေ့အကြုံများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)