ကြံခင်းမြို့နယ်အတွင်း ရေဝင်ရောက်သည့် အခြေခံပညာကျောင်း(၁၀)ကျောင်းအား ယာယီပိတ်ထားရာမှ (အ.မ.က)ကြက်လျှာစွန်းကျောင်းပြန်လည်ဖွင့်လှစ်

ကြံခင်း စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီးကျောင်းဝန်းအတွင်း ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း(၁၀)ကျောင်းအား  ယာယီ ပိတ်ထားရာမှ ယမန်နေ့က(အ.မ.က) ကြက်လျှာစွန်းကျောင်း ပြန်လည်ဖွင့်လှစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

စက်တင်ဘာလ(၁၂)ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ကျောင်းများအတွင်းသို့ ရေဝင်ရောက်သဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ (အ.ထ.က)ဘက်ရဲ၊ (အ.ထ.က-ခွဲ)ချောင်းခွ၊ (အ.မ.က) ငှက်ပျော တော၊ (အ.မ.က)ကိုးအင်း၊ (အ.မ.က)ကွမ်းအစ်ကုန်း၊ (အ.မ.က)သရက်စမ်း၊ (အ.မ.က)ငါးပိစု၊ (အ.မ.က)လက်ပံတိုက်နှင့် (အ.မ.က)ကျုံးစုကျောင်းတို့အား ယာယီပိတ်ထားပြီး  ပြန်လည် အစားထိုးတက်ရောက်နိုင်ရေး သတ်မှတ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ယမန်နေ့က (အ.မ.က) ကြက်လျှာစွန်းကျောင်းတွင် ရေကျသွားသဖြင့် ကျောင်းတွင်း/ ပြင်သန့်ရှင်းရေးများ ပြုလုပ်ကာ ပြန်လည်ဖွင့်လှစ်ကြောင်း သိရသည်။

မိုးရေဝင်ရောက်မှုကြောင့် ကျောင်းသား/သူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးဆုံးရူံးမှုမရှိပါကြောင်းနှင့် မိုးရေကျဆင်းပါက ယာယီပိတ်ထားသော ကျောင်း(၉) ကျောင်းအား ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း  မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)