ကျောက်တံခါး စက်တင်ဘာ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်ရေး တားဆီးရေး စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက သဘာဝဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများအလိုက် ကြိုတင်စီမံဆောင်ရွက်ထားရှိကြရန်၊ စည်ပင်သာယာ၊ မီးသတ်၊ စက်မှုလယ်ယာဌာနများအနေဖြင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ယာဥ်နှင့် ယာဥ်မောင်းများ အဆင်သင့်ဖြစ်အောင် စီမံဆောင်ရွက်ထားရှိရန်နှင့် ကျန်ဌာနများအနေဖြင့်လည်း မိမိဌာနနှင့် သက်ဆိုင်သည့် လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်ထားရှိရန်၊ ဆန်လုပ်ငန်းရှင်များ၊ စက်သုံးဆီဆိုင်များအနေဖြင့် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက တတ်နိုက်သည့်ဘက်မှ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြရန်တို့ကို ပြောကြားပြီး တက်ရောက်လာသူများမှ အကြံပြုဆွေးနွေးချက်များအပေါ် ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာကွယ်တားဆီးရေး ကော်မတီအဖွဲ့ဝင်များ၊ မြို့အုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)