ဖျာပုံမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲ ကျင်းပ

ဖျာပုံ စက်တင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ အောက်တိုဘာလ (၁၅) ရက်နေ့အတွင်း တစ်နိုင်ငံလုံးတွင် ကောက်ယူမည်ဖြစ်ရာ ဖျာပုံခရိုင်အနေဖြင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လည်ပိုင်း အချိန်က ဖျာပုံမြို့ အ-ထ-က -၁ ကျောင်း ရာပြည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အဆိုပါ၂၀၂၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်တန်းမှ ပို့ချပေးသည့် သန်းခေါင်စာရင်းမေးခွန်းတွေမှာ ပါဝင်သော လူဦးရေဆိုင်ရာအကြောင်းအရာ၊ ပြည်တွင်း/ ပြည်ပရွှေ့ပြောင်းသွားလာမှု၊ ပညာရေး၊ လုပ်သားအင်အား၊ မွေးဖွား/ သေဆုံးမှု၊ မသန်စွမ်းမှု၊ အိမ်အကြောင်းအရာနှင့်ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုစသော ဘာသာရပ်အလိုက်သင်ခန်းစာများကို ကျေကျေညက်ညက် သိရှိထားဖို့လိုကြောင်း၊ ဘာသာရပ်တစ်ခုချင်းစီအလိုက် ဆွေးနွေးမှုများ၊အမေးအဖြေများ၊ Tablet အသုံးပြု၍ လက်တွေ့လေ့ကျင်မှုများ ၊ဥာဏ်စမ်းပဟေဠိများဖြင့် လေ့ကျင့်မှုများ၊ CAPI စနစ်ဖြင့် လက်တွေ့ကွင်းဆင်းစာရင်းကောက်ယူမှုများ ဆောင်ရွက်ထားရှိပြီး သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာများနှင့်ပတ်သက်၍ သင်တန်းမှ စာတွေ့ လက်တွေ့ ပို့ချပေးလိုက်သော သင်ခန်းစာများကို သေချာစွာ လေ့လာကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြို့နယ်အဆင့် နည်းပြသင်တန်းခန့်အပ်လွှာများ ပေးအပ်ရာ ဖျာပုံခရိုင် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးတင်လင်း၊ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်စန္ဒာဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်မင်းယု၊အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်နှင့်တာဝန်ရှိသူများက(ဖျာပုံ၊ကျိုက်လတ်၊ဒေးဒရဲ၊ဘိုကလေး) မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူများအား နည်းပြသင်တန်းခန့်အပ်လွှာများနှင့် မြို့နယ်အလိုက်အ​ကောင်းဆုံး သင်တန်းသား/သင်တန်းသူများကို ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ရာ သက်ဆိုင်ရာသင်တန်းသား/ သင်တန်းသူများက လက်ခံရယူကြသည်။

အဆိုပါ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းသင်တန်းသား၊ သင်တန်းသူများမှ မြေပြင်လက်တွေ့စာရင်းကောက်အဖြစ် ဖျာပုံမြို့ အမှတ် (၁၇) ရပ်ကွက်အတွင်းသို့ ယနေ့နံနက်ပိုင်းအချိန်က မြေပြင်လက်တွေ့စာရင်းကောက်ခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ ဖျာပုံခရိုင်အတွင်းရှိ (ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး) မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၅၄) ဦးကို နည်းပြဆရာ (၃) ဦးမှ ( ၃ -၉ -၂၀၂၄)မှ (၁၄ - ၉ -၂၀၂၄)ရက်နေ့ အထိ  စာတွေ့လက်တွေ့ သင်ကြားပို့ချပေး​ခြင်းဖြစ်ကြောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်