မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်ပြီး မော်လမြိုင်ကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် စာဖတ်ရှိန်မြှင့်ရေးလူငယ်စကားဝိုင်းကို ရာဇူဒိုင်ကြပ်စဥ်ချောင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) ၌ ယမန်နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပသည်။
အခမ်းအနားတွင် မော်လမြိုင်ကျွန်းမြို့နယ် ရာဇူဒိုင်ကြပ်စဥ်ချောင်း အ.ထ.က (ခွဲ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်း က အဖွင့်အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိဒေါ်နုနုအေးက စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကို ပြောကြားရာ၌ “ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုတဲ့စကားအတိုင်း နိုင်ငံရဲ့အနာဂတ်ကို ပခုံးပြောင်းတာဝန်ထမ်းဆောင် ကြမည့် ကျောင်းသား၊ ကျောင်းသူလူငယ်များအနေနဲ့ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်ထက်မြတ်စေရန်၊ လူအများရှေ့တွင် ရဲဝင့်စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ လူငယ်မျာအနေဖြင့် အသိပညာဗဟုသုတများရရှိ၍ အပြန်အလှန်ဆွေးနွေးကြရာမှ အတွေ့အကြုံသစ်များရရှိစေရန်၊ လူငယ်များအချင်းချင်း ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန်အတွက်” လူငယ်စကားဝိုင်းကျင်းပပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်ပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် Grad-10 မှ မောင်အေးချမ်းကိုက လူငယ်နှင့်လူငယ်ရောဂါခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မနွေးမြတ်မြတ်ခိုင်က လူငယ်နှင့်အနာဂတ်ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 မှ မသက်မာစိုးက လူငယ်နှင့်နည်းပညာခေါင်းစဥ်များဖြင့်လည်းကောင်း၊ G- 9 မှ မမေဖူးခိုင်က လူငယ်နှင့်စာရိတ္တခေါင်းစဥ်ဖြင့်လည်းကောင်း၊ G- 7 မှ မဧဝရတ်ဖူးက လူငယ်နှင့်ကျန်းမာရေးခေါင်းစဥ်ဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အခမ်းအနားသို့တက်ရောက်လာသောကျောင်းသား၊ ကျောင်းသူများက ဆွေးနွေးမှုများနှင့်ပတ်သက်ပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းဆွေးနွေးပြောကြားပေးသော ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)