မကွေး စက်တင်ဘာ ၁၅
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ခရိုင်အဆင့် နည်းပြသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီက မကွေးမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းရှိ ကံကော်ဆောင်၌ ကျင်းပသည်။
ရှေးဦးစွာ မကွေးခရိုင်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူးက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် သင်တန်းသူ၊ သင်တန်းသားများအနေဖြင့် မြို့နယ်အဆင့် ဖွင့်လှစ်မည့် စာရင်းစစ်၊ စာရင်းကောက်သင်တန်းတွင် သင်တန်းနည်းပြများအဖြစ် ခန့်အပ်ဆောင်ရွက်ကြရမှာဖြစ်ပြီး သင်တန်းက ပို့ချခဲ့သည့် ဘာသာရပ်ဆိုင်ရာများ၊ သင်ကြားမှုနည်းစနစ်များကို မိမိတို့ရဲ့အတွေ့အကြုံနဲ့ပေါင်းစပ်ပြီး သန်းခေါင်စာရင်းမေးခွန်းများပါ အချက်အလက်များကို မှန်မှန်ကန်ကန်ရရှိနိုင်အောင် ထိရောက်စွာ သင်ကြားပေးကြစေလိုကြောင်းနှင့် သန်းခေါင်စာရင်းကောက်ယူခြင်းမှ ရရှိလာတဲ့ အချက်အလက်မှန်ကန်မှသာ နိုင်ငံရဲ့ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် မကွေးခရိုင်၊ သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်ထူး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သင်တန်းသူ၊ သင်တန်းသားများအား ခရိုင်အဆင့် နည်းပြခန့်အပ်လွှာများ အသီးသီးပေးအပ်ခဲ့ပြီး အဆိုပါသင်တန်းကို ၁၀ ရက်ကြာ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)