လွိုင်ကော် စက်တင်ဘာ ၁၄
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းက လွိုင်ကော်လေဆိပ် ပြန်လည်ပြင်ဆင်ရေး ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးမှု၊ ဝန်ထမ်းအိမ်ရာများ ပြန်လည်ပြုပြင်မှုလုပ်ငန်းများ နှင့်ထပ်မံပြုပြင်မည့် အခြေအနေများ၊ မြို့လယ်ဓမ္မရုံ ပြုပြင်ဆောင်ရွက်မည့်အခြေအနေများနှင့် သီရိမင်္ဂလာပုံဟော်ကြီးကျောင်း၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်လေဆိပ်ရှိ လေဆိပ်အတွင်းပိုင်း အချောသတ်လုပ်ငန်းများ၊ ခရီးသည်နားနေခန်းမများ၊ လေကြောင်းထိန်းမျှော်စင်အဆောက်အဦနှင့် လေယာဉ်ပြေးလမ်းအခြေအနေများ ကြည်ရှုစစ်ဆေးခဲ့ပြီး “လေဆိပ်ပြင်ဆင်ခြင်းလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အခြားအသေးစားလုပ်ငန်းများ ဖြည့်စွက်ဆောင်ရွက်ရန်၊ လေယာဉ်ပြေးလမ်းတစ်လျှောက်ဝဲ၊ ယာအချက်ပြမီးများ ကောင်းမွန်စေရေး၊ လေယာဉ်ကွင်းဧရိယာအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ပန်းအလှပင်များစိုက်ပျိုးရေး၊ လေဆိပ်ပြန်လည်ဖွင့်လှစ်ပါက ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စေရေး ကြိုတင်စီမံထားကြရန်” မှာကြားခဲ့သည်။
ဆက်လက်၍ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ စုပေါင်းဝန်ထမ်းအိမ်ရာသို့ရောက်ရှိရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ပြည်နယ်ညွှန်ကြားရေးမှူးက ပြန်လည်ထူထောင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် တိုက်အမှတ်(၃၃၊ ၃၅၊ ၃၆၊ ၃၇) နှင့် မြို့နယ်ဦးစီးမှူးရုံး ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ဝန်ကြီးချုပ်က “ပြန်လည်တာဝန်ထမ်းဆောင်ကြသည့် ဝန်ထမ်းများ စိတ်အေးချမ်းသာစွာနေထိုင်နိုင်ရေး ယခုလကုန်တွင် ပြီးစီးအောင်ဆောင်ရွက်သွားရန်၊ အိမ်ရာသို့ ဝင်ထွက်သွားလာသည့် အဝင်လမ်းအား သန့်ရှင်းသပ်ရပ်ရေးပြုပြင်သွားရန်၊ ယခုပြုပြင်သည့် တိုက်ခန်းများအပြင် အခြားတိုက်(၄)လုံးအား ပြင်ဆင်နိုင်ရေးဆောင်ရွက်သွားရန်” တို့ကို မှာကြားသည်။ ထို့နောက် ဒေါဥခူစုပေါင်းဝန်ထမ်းအိမ်ရာသို့ ရောက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်က “(၄)ခန်းတွဲ၊ (၅)ထပ်ဝန်ထမ်းအိမ်ရာ (၂)လုံးအား ဝန်ထမ်းများပြန်လည်နေထိုင်နိုင်ရေးအတွက် ပြုပြင်နိုင်ရေးကို ဆောင်ရွက်သွားရန်နှင့် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာများအား ပြုပြင်နိုင်ရေးဆောင်ရွက်သွားရန်” မှာကြားခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြို့လယ်ဓမ္မာရုံ ပျက်စီးနေမှုအား သွားရောက်ကြည့်ရှုပြီး “ပြည်သူများနှင့် ဘာသာရေးခမ်းအနားများ ကျင်ပနိုင်ရေး စာရေးတံမဲပွဲနှင့် စာပြန်ပွဲများ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး၊ အချိန်မီပြုပြင် ဆောင်ရွက်နိုင်ရေး” လိုအပ်သည်များကို ဓမ္မာရုံအကျိုးတော်ဆောင်အဖွဲ့နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် သီရိမင်္ဂလာပုံဟော်ကြီးကျောင်းတွင် သန့်ရှင်းရေးဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်း ကုသိုလ်ပြုဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး သံဃာဆေးရုံအား လှည့်လည်ကြည့်ရှုသည်။ ဆက်လက်၍ကျောင်းထိုင်ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ၊ ဘဒ္ဒန္တစန္ဒိမာအားဖူးမြော်၍ လှူဖွယ်ပစ္စည်းများနှင့်ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် အမှတ်(၂)အခြေခံပညာ အလယ်တန်းကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများအား တွေ့ဆုံကာ “ပြန်လည်အခြေချနေထိုင်ကြမည့် ပြည်သူများ၏သားငယ်၊ သမီးငယ်များ ပညာသင်ကြားနိုင်ရေးအတွက် စာသင်ဆောင် ၊ စာသင်ခန်းများ ၊ သင်ထောက်ကူပစ္စည်းများ ၊ သန့်စင်ခန်းများ အသင့်အနေအထားဖြစ်စေရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန်” မှာကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)