ပေါင်းတည် မြို့နယ် အ.ထ.က(ပေါင်းတည်)၌ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး လူငယ်စကားဝိုင်းကျင်းပ

ပေါင်းတည် စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ယနေ့နံနက် ၉ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အ.ထ.က(ပေါင်းတည်)တွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါလူငယ်စကားဝိုင်းတွင် အ.ထ.က(ပေါင်းတည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းဆင့် တက်ရောက် အဖွင့်အမှာစကားပြောကြားပြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်အေးဆုစံက လူငယ်များ စာဖတ်ရှိန်မြှင့်တင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များပေါ်ထွန်းလာစေရန်  လူငယ်စကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ ထို့အပြင် ကျောင်းသားလူငယ်များ စာဖတ်စွမ်းရည်များ တိုးတက်လာစေရန်၊ ပြည်သူ့အကျိုးပြုဆောင်ရွက်သည့် အသင်းအဖွဲ့များတွင် ပါဝင်ဆွေးနွေးတတ်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးနှုတ်မှုစွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာကြစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးဆုစံက အစီအစဉ်တင်ဆက်သူအဖြစ်ဆောင်ရွက်ပြီး  အ.ထ.က(ပေါင်းတည်)မှ Grade - 9 ကျောင်းသား မောင်ရှင်းသန့်မောင်က လူငယ်နှင့်ခေါင်းဆောင်မှုစိတ်ဓာတ်၊ Grade - 12 ကျောင်းသူ မခိုင်ဇေဇင်သွယ်က လူငယ်များအတွက်တွန်းအား၊ Grade -10 ကျောင်းသူ မထက်နန္ဒာထွန်းက လူငယ်များနှင့်စာနာမှု၊ Grade -12 ကျောင်းသားမောင်မျိုးသီဟကျော်က လူငယ်များနှင့်အချိန် ခေါင်းစဉ်များဖြင့်လည်းကောင်းအသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ တက်ရောက်လာကြသောကျောင်းသား၊ ကျောင်းသူများက လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် မိမိတို့သိရှိလိုသည့် မေးခွန်းများကို မေးမြန်းကြရာ ဦးဆောင်ဆွေးနွေးသူ ကျောင်းသား၊ ကျောင်းသူများက အသီးသီး ပြန်လည်ဖြေကြားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါ လူငယ်စကားဝိုင်းသို့ ဆရာ၊ ဆရာမများ အပါအဝင် ကျောင်းသား ကျောင်းသူ ၂၅၀ ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ရွှေသား(ပြန်/ဆက်)