ကြံခင်း စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြိုနယ် (အ.ထ.က-၂)ကျောင်းတွင် လူငယ်ကဏ္ဍ မြှင့်တင်ပေးနိုင်ရန်၊ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ နှုတ်မှုစွမ်းရည်ထက်မြက်စေရန်နှင့် စာပေလေ့လာဖတ်ရှုဆွေးနွေးတတ်သော အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ (အ.ထ.က၂)ကျောင်းမှကျောင်းသား/ သူလေးများက "ပညာပန်းခင်း" သီချင်းဖြင့်အခမ်းအနား ဖွင့်လှစ်ပြီးနောက်၊ (အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက ကျောင်းသား/သူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆောင်ပုဒ်နှင့်အညီ အလေးထားလိုက်နာကြရန် လိုသလိုအသိပညာ၊ အတတ်ပညာဗဟုသုတများဖြင့် ပြည့်စုံသောလူငယ်များ ဖြစ်လာစေရန် စာပေဖတ်ရှုလေ့လာကြဖို့ တိုက်တွန်းပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပါသည်။
ဆက်လက်ပြီး လူငယ်စကားဝိုင်းကျင်းပရာ စေ့စပ်ညှိနှိုင်းဆွေးနွေးသူအဖြစ် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် သုံးသပ်ဆွေးနွေးသော (အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းတို့နှင့်အတူ ပါဝင်ဆွေးနွေးကြသော (G-10)ကျောင်းသား/ သူများဖြစ်သော မောင်ကျော်သန့်ဇင်က "လူငယ်နှင့်နည်းပညာ"၊ မဖြိုးသီရိထက်က "လူငယ်နှင့်စာကြည့်တိုက်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ (G-9)ကျောင်းသား/သူများဖြစ်သော မောင်ဆက်ဝင့်ဖြိုးက "လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်နှင့် မတင်ဇာဝင်းပြည့်က "လူငယ်နှင့်ယဉ်ကျေးသိမ်မွေ့ခြင်း" ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးကြသည်။
ထို့နောက်တက်ရောက်လာကြသော ကျောင်းသား/သူများက ခေါင်းစဉ်ပါ အကြောင်းအရာ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး သိရှိလိုသောအချက်များအား မေးမြန်းကြရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသော ကျောင်းသား/သူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးကြကြောင်းနှင့် စက်တင်ဘာလ(၉)ရက်နေ့တွင် ကျင်းပသော "ဆေးလိပ်နှင့်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ်တို့လူငယ်" စာစီစာကုံးပြိုင်ပွဲ၌ ဆုရရှိကြသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့် ပေးအပ်ကြသည်။
အခမ်းအနားသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်နှင့် ဝန်ထမ်းများ၊ (အ.ထ.က-၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူ(၂၅၀)ဦး တက်ရောက်ကြကြောင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာဗဟုသုတရရှိစေရန် အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသထားခြင်းအား စိတ်ပါဝင်စားစွာ ဖတ်ရှူလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)