ကျိုက်လတ်၌ ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ အခမ်းအနားကျင်းပ

ကျိုက်လတ် စက်တင်ဘာ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ကျိုက်လတ်မြို့နယ် ကြက်ခြေနီအသင်းခွဲမှ ကျင်းပပြုလုပ်သော ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မြစန္ဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌကြီး ပါမောက္ခ ဒေါက်တာမျိုးညွှန့်မှ ပေးပို့သော ၂၀၂၄ခုနှစ်၊ ကမ္ဘာ့ရှေးဦးပြုစုခြင်းနေ့ သဝဏ်လွှာကို မြို့နယ်ကြက်ခြေနီ အသင်းခွဲဥက္ကဋ္ဌ ဦးရဲမြင့်လှိုင်က ဖတ်ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်ကြက်ခြေနီအသင်း နာယကကြီး ဦးမင်းအောင်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ကြက်ခြေနီအသင်းခွဲ၏ အကြံပေးဆရာကြီး ဦးစိန်ဝှီးက ကမ္ဘာ့ရှေးဦးပြုစုခြင်းဆိုင်ရာ အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူး(၃)ဘာသာဖြင့် အောင်မြင်ခဲ့သော မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင် မနန်းရွှေဇင်ဖြိုးအား တာဝန်ရှိသူများက ဂုဏ်ပြုလက်ဆောင်များ ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ မြို့နယ်ကြက်ခြေနီအသင်းအား တာဝန်ရှိသူများက အလှူငွေများ ပေးအပ်လှူဒါန်းပြီး မြို့နယ်ကြက်ခြေနီအသင်း အတွင်းရေးမှူး ဦးခင်စိုးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် ကျောင်းကြက်ခြေနီအဖွဲ့ဝင်များနှင့် ရှေးဉီးပြုစုခြင်းနည်းများအား လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်