မြန်အောင် စက်တင်ဘာ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀း၀၀ နာရီက မြန်အောင်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့သည်။
ဦးစွာ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မုခ်ဦးကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်၊ ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရဲမှူးကြီးတင်ဇော်ထွန်း၊ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ယဥ်ဆွေဝင်း နှင့် မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပါင်းမှတ်တမ်းတင်ရိုက်ကူးခဲ့သည်။
ဆက်လက်၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အ.ထ.က(၁)မြန်အောင် ခန်းမ၌ကျင်းပရာ အ.ထ.က(၂)ကျောင်းသား ကျောင်းသူများက “ထိန်းသိမ်းစို့လေစာပေအမွေ” သီချင်းများဖြင့် သီဆိုဖွင့်လှစ်ပြီး ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ “စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများသည် နိုင်ငံ၏အနာဂတ်အတွက် မရှိမဖြစ်အရေးပါသည့် လူ့စွမ်းအားအရင်းအမြစ် ပျိုးထောင်ခြင်း ဖြစ်ကြောင်း၊ လူငယ်များအပါအဝင် ပြည်သူအားလုံး စာဖတ်ကြရန်လိုပါကြောင်း၊ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်” စသည့် ရည်ရွယ်ချက်များစွာဖြင့် ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများက စာကြည့်တိုက်(၉)တိုက်အတွက် လှူဒါန်းသည့် စာအုပ်(၂၂၃၂)အုပ်နှင့် ကပြဖျော်ဖြေပေးကြသော ကျောင်းသား ကျောင်းသူများအတွက် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်(၃)သိန်း ပေးအပ်ရာ မြန်အောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးလှိုင်နှင့် ခရိုင်ပညာရေးမှူးတို့က လက်ခံရယူခဲ့ကြသည်။ အခမ်းအနားတွင် အ.ထ.က(၁)မြန်အောင်ကျောင်း သားကျောင်း သူလေးများက “ မောတို့ဌာနေ၊ ထာဝရမြန်မာ၊ ဇာတိမာန်” တေးသီချင်းဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အတွင်း ခင်းကျင်းပြသထားသည့် ပြခန်းများ၊ စာပေပြိုင်ပွဲများ၊ ကာယဥာဏပြိုင်ပွဲများကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် စာပေဟောပြောပွဲနှင့် လူငယ်စကားဝိုင်းကျင်းပပေးခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန စာအုပ်ပြခန်း၊ "လှပသာယာပြည်မြန်မာ" ဓာတ်ပုံပြခန်း၊ "ဖွံ့ဖြိုးဝေစည်ဧရာဝတီ" ပြိုင်ပွဲဝင်ဓာတ်ပုံပြခန်း၊ မီးသတ်ဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊ လူမှုဝန်ထမ်းဦးစီးဌာနပြခန်းများနှင့် ကာယဥာဏစွမ်းရည်ပြိုင်ပွဲများတွင် ခါးကွင်းလှည့်ပြိုင်ပွဲ၊ ပင်ဘောင်သီး လက်ဆင့်ကမ်းသယ်ပြိုင်ပွဲ၊ စကားပုံဆက်အရုပ်ဆက် ပြိုင်ပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြော ပြိုင်ပွဲများ စာအုပ်အရောင်းဆိုင်များ ပါဝင်ကြောင်း သိရသည်။
ဝင်းဗိုလ်(မြန်အောင်)