ထားဝယ် စက်တင်ဘာ ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ တနင်္သာရီတိုင်းဒေသကြီး၊ ၂၀၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊အတီးပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ သယံဇာတရေးရာဝန်ကြီး ဦးခင်မောင်မြင့်၊ လူမှုရေးရာဝန်ကြီး ဦးသက်နိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အခမ်းအနားတွင် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက် ကျင်းပလျက်ရှိကြောင်း၊ ၁၉၉၃ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို ရန်ကုန်မြို့၌ ကျင်းပနိုင်ခဲ့ခြင်းမှ သန္ဓေတည်ခဲ့ပြီး ၁၉၉၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ နှစ်စဉ်မပျက် ကျင်းပခဲ့ကြောင်း၊ ပြိုင်ပွဲများကို၂၀၁၇ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ကျင်းပခဲ့ခြင်းမရှိဘဲ၂၀၂၂ ခုနှစ်တွင် ပြန်လည်ကျင်းပခဲ့ပြီး ယခုနှစ်၂၀၂၄ ခုနှစ်တွင်(၂၅)ကြိမ်မြောက်ပြိုင်ပွဲကြီးကို ငွေရတုအထိမ်းအမှတ် ပြိုင်ပွဲကြီးအဖြစ် ခမ်းနားထည်ဝါစွာ ကျင်းပလျက်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံတွင် သဘာဝသယံဇာတများ၊ လူ့စွမ်းအားအရင်းအမြစ်များမည်မျှပင် ပြည့်စုံပေါကြွယ်ဝပါစေ မိမိတို့ရိုးရာယဉ်ကျေးမှုများကို ထိန်းသိမ်းမထားနိုင်ပါက ယဉ်ကျေးမှုနှင့်အတူ လူမျိုးပါပျောက် ကွယ် သွားနိုင်ကြောင်း၊ ဒါကြောင့် မိမိတို့ရိုးရာယဉ်ကျေးမှုများကို နိုင်ငံသားတိုင်းက ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း၊ တိုင်းဗဒသကြီးနှင့်ပြည်နယ်အသီးသီးတွင် မျိုးဆက်သစ်ရွက်ပုန်းသီးအနုပညာရှင်များကို ဖော်ထုတ်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုနှစ်(၂၅)ကြိမ်မြောက် ငွေရတုမြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုလည်း ဦးတည်ချက်(၄)ရပ်ချမှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ၂၀၂၃ ခုနှစ် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တနင်္သာရီတိုင်းဒေသကြီးက ရွှေတံဆိပ်-၄ ခု၊ ငွေတံဆိပ်- ၃ ခု၊ ကြေးတံဆိပ်- ၁၂ ခု ရရှိခဲ့ကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းဖော်ထုတ်သည့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်စေရန် ရည်ရွယ်ကျင်းပသော မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကြီးတွင် တနင်္သာရီတိုင်းဒေသကြီး၏ ဂုဏ်ဆောင်အနုပညာရှင်မျိုးဆက်သစ်များ ပေါ်ထွန်းရေးအတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် ဗဟိုအဆင့်ပြိုင်ပွဲတွင် တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်မည့် ကဗျာလွတ်အက၊ ချင်းတိုင်းရင်းသားရိုးရာ ဟားခါးအက၊ ထားဝယ်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကများနှင့်(၂၅)ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကို ဂုဏ်ပြုသောအားဖြင့် ဖျော်ဖြေရေးအဖွဲ့များက သီဆိုကပြဖျော်ဖြေတင်ဆက်နေမှုကို ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီနာယက တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်မိဘများနှင့် ဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့သည်။
တနင်္သာရီတိုင်းဒေသကြီး ၂ဝ၂၄ ခုနှစ်၊ (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင်အခြေခံပညာအဆင့်အသက်(၁၀-၁၅)နှစ်၊ (၁၅-၂၀)နှစ်၊ အဆင့်မြင့်ပညာအဆင့်၊ ဝါသနာရှင်အဆင့်တို့တွင် ပြိုင်ပွဲဝင်(၆၀)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို စက်တင်ဘာ ၁၅ ရက်နေ့တွင် ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်လတ်