မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံး ငွေရင်း ရန်ပုံငွေများနှင့် သာမာန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ချပြရှင်းလင်း

မယ်စဲ့     နိုဝင်ဘာ     ၂၂

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း ငွေလုံးငွေရင်း ရန်ပုံငွေများနှင့် သာမာန်အသုံးစရိတ်ဖြင့် ဆောင်ရွက်မည့် ​ဒေသဖွံ့ဖြိုး​ရေး လုပ်ငန်းများ ချပြရှင်း လင်းခြင်းကို ယမန်နေ့ ည ၆ နာရီက မယ်စဲ့မြို့ မြို့နယ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအယ်လ်ဖောင်းရှိုက မြို့ရွာစည်ပင် သာယာဝပြောရေးတွင် အစိုးရ၊ ဌာနဆိုင်ရာ၊ ပြည်သူများ အပြန်အလှန် ချိတ်ဆက်ပူးပေါင်း၍ ညီညွတ်စွာ ဆောင်ရွက်စေလိုကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ တာဝန် ရှိသူများနှင့် မြို့မိမြို့ဖများ ဆွေးနွေးညှိနှိုင်း ပူးပေါင်းကာ ဆောင်ရွက်စေလိုကြောင်းနှင့် ပြည်သူ့ဘဏ္ဍာငွေများအား အကျိုးရှိစွာ အသုံးချစေလိုကြောင်း၊ သက်ဆိုင်ရာဌာနဆိုင်ရာအနေဖြင့် လုပ်ငန်းတင်ဒါရရှိသည့် ကုမ္ပဏီများကိုလည်း အနီးကပ်ပူးပေါင်း ကြပ်မတ်၍ လုပ်ငန်းလမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်နိုင်စေလိုကြောင်းတို့ကို ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစိုင်းပွန်းက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့်  ငွေလုံးငွေရင်းလုပ်ငန်းနှင့် သာမာန်အသုံးစရိတ်လုပ်ငန်းများအား ပရိုဂျက်တာဖြင့် ရှင်းလင်းခဲ့ရာ တက်ရောက်လာကြသည့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ မြို့ဖများက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် လုပ်ငန်းနှင့် ၂၀၂၁-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်လိုသည့် လုပ်ငန်းများကိုပါ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်းလုပ်ငန်း (၂၄)ခု စုစုပေါင်း ငွေကျပ် (၅၈၀.၄၇)သန်း၊ သာမာန်အသုံးစရိတ် လုပ်ငန်းခေါင်းစဉ် (၁၁)ခု စုစုပေါင်း ငွေကျပ် (၃၂.၁၁)သန်း ဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် ငွေလုံးငွေရင်း လုပ်ငန်းနှင့် သာမာန်အသုံးစရိတ်လုပ်ငန်းအတွက် စုစုပေါင်းငွေကျပ် (၆၁၂.၅၈)သန်း သုံးစွဲမည်ဖြစ်ကြောင်း မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။

ဝတ်ရည်(ပြန်/ဆက်)