သရက် စက်တင်ဘာ ၁၄
မကွေးတိုင်းဒေသကြီး သရက်မြို့၌ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သရက်မြို့ မြောက်မင်းတည်းရပ်ကွက်တွင် နည်းပြသင်တန်းသားများအား လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားပေးရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်ထွန်းဦးနှင့်အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။
အဆိုပါ သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့်တာဝန်များ၊ ဥပဒေပြဋ္ဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက် မေးခွန်းများ စသည့်ဘာသာရပ်များကို ခရိုင်အဆင့် နည်းပြသင်တန်းသားများအား စာတွေ့၊ လက်တွေ့သင်ကြားပေးခဲ့ပြီး ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားဆောင်ရွက်ကြခြင်းဖြစ်သည်။
သင်တန်းကို စက်တင်ဘာ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြို့နယ်များမှ ခရိုင်အဆင့်နည်းပြ သင်တန်းသား(၃၂)ဦး တက်ရောက်ခဲ့သည်။ သင်တန်းတက်ရောက်ခဲ့သည့် နည်းပြများမှ သက်ဆိုင်ရာ မြို့နယ်အလိုက် မြို့နယ်အဆင့်သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပြီး လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်များအတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း(အောင်လံ)