ကျွန်းစုမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျွန်းစု စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ​ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်၍ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ပြီး ဘက်စုံထူးချွန်သော လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲအချိန်က ကျွန်းစုမြို့၊ ကပကျေးရွာအုပ်စုအတွင်းရှိ အ-လ-က မရမ်း‌ချောင်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကျော်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သန်းဖြူလွင်က “ဗဟုသုတပြည့်စုံဖို့ စာဖတ်ကြပါစို့” ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။

ထိုနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သီနွဲ့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများ အကြောင်းအားလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ခိုင်ကေသွယ်က ပြစ်မှုပြစ်ဒဏ်များ အကြောင်းအားလည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားမှူး ဒေါ်ပပထွန်းက အားကစားကဏ္ဍမြှင့်တင်ရေး အကြောင်းတို့အားလည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အသိပညာပေး နံရံကပ်ဗွီနိုင်းများ ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာမှတ်သားခဲ့ကြကြောင်း၊ အလားတူ မွန်းလွဲ (၁)နာရီအချိန်တွင် အ-ထ-က (ခွဲ) ကတန်ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)