ပုလောမြို့နယ်၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

ပုလော  စက်တင်ဘာ ၁၄

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီက ပုလောမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ ကျောင်းသူက ပညာဘဏ်တိုက်စာကြည့်တိုက် သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ကြပြီး၊ ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် “စာပေဆွေးနွေးပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိနှင့် စကားရည်လုပြိုင်ပွဲများတွင် ဆုရကျောင်းသား/ကျောင်းသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ကျောင်းသား/ကျောင်းသူများ လောကအားမာန်၊ ရွှင်လမ်းစိတ်ချမ်းသာကြပါစေ၊ ပွေးထုတ်၊ မင်္ဂလာပါ၊ မြန်မာပြည်မှာ စာပဒေသာဝေဆာစေ၊ စာဖတ်ကြပါ တေးသီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)