ထားဝယ် စက်တင်ဘာ ၁၄
နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန်အတွက် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်၉နာရီက ထားဝယ်မြို့၊ အမှတ် (၈) အခြေခံပညာထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ထားဝယ်မြို့နယ် လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောအောင်မွန်က လူငယ်များအနေဖြင့် အနာဂတ်တွင် အောင်မြင်သောလူငယ်များဖြစ်စေရေးအတွက် ယခုချိန်ကတည်းက တန်ဖိုးရှိသောစာပေနှင့် အသိပညာဗဟုသုတများ ဆည်းပူးလေ့လာရန် လိုအပ်ကြောင်း၊ စာပေများကိုဖတ်ရှု့လေ့လာပြီး ရရှိသောအသိပညာဗဟုသုတများကို မိမိ၏မိတ်ဆွေသူငယ်ချင်းများထံ ပြန်လည်မျှဝေပေးရန် လိုအပ်ကြောင်း၊ ကျောင်းသား/ သူအချင်းချင်း၊ လူငယ်များအချင်းချင်း ညှိနှိုင်းဆွေးနွေးပြီး အမြင်ချင်းဖလှယ်ရန် လိုအပ်ကြောင်း၊ စာသင်ကျောင်းများတွင် သင်ကြားပေးသော ကျောင်းစာများအပြင် ပြင်ပက လာရောက်ဟောပြောပို့ချပေးသော အသိပညာဗဟုသုတများကို စိတ်ပါဝင်စားစွာ လိုက်နာမှတ်သားရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မိုးမိုးခိုင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများအဖြစ် အမှတ် (၈) အခြေခံပညာထက်တန်းကျောင်းမှ ကျောင်းသူများဖြစ်ကြသည့် Grade-11 ကျောင်းသူ မဇင်သော်တာစိုးက လူငယ်နှင့်အားကစား၊ Grade-10 ကျောင်းသူ မခင်စန်းစန်းအေးက လူငယ်နှင့်ယဉ်ကျေးမှု၊ Grade-9 ကျောင်းသူ မငြိမ်းငြိမ်းအိက လူငယ်နှင့်ကျန်းမာရေး၊ Grade-7 ကျောင်းသူ မဆုရတီထွန်းက လူငယ်နှင့်စာကြည့်တိုက်စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား/သူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲကြပြီး တာဝန်ရှိသူများက ဆွေးနွေးပြောကြားသော ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်