ဝေါမြို့နယ်အတွင်းရှိ စစ်တောင်မြစ်ဘေးကျေးရွာများအား ရေဘေးကြိုတင်ကာကွယ်ရေးနှင့် ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား ကွင်းဆင်းနှိုးဆော် ကြေညာပေး

ဝေါ စက်တင်ဘာ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းသို့ နေပြည်တော် တပ်ကုန်းမြို့နှင့် တောင်ငူမြို့မှ ရေများသည် စစ်တောင်းမြစ်အတွင်းဝင်ရောက်၍ ဝေါမြို့နယ် စစ်တောင်းမြစ်ဘေး ကျေးရွာများသို့ လာမည့် ၃ ရက်အတွင်း ရေဝင်ရောက်လာနိုင်သဖြင့် ရေကြီးမှုဖြစ်စဉ် ဖြစ်ပေါ်ပါက ကြိုတင်ကာကွယ်နိုင်ရေးအတွက် ယမန်နေ့နံနက်ပိုင်းက မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဇော်သန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကွင်းဆင်းကာ နှိုးဆော်အသိပေး ကြေညာခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူးသည် မြို့နယ်ဆည်မြောင်းဦးစီးဌာန၊ ဦးစီးအရာရှိ ဦးသန့်ဇင်အောင်နှင့်အတူ စစ်တောင်းမြစ်ဘေး ကျေးရွာများဖြစ်သည့် သူရဲသမိန်ကျေးရွာအုပ်စု၊ စက်စုကျေးရွာအုပ်စု၊ ဒလနွမ်းကျေးရွာအုပ်စု၊ ဆင်ရွာကျေးရွာအုပ်စု၊ မြစ်ကျိုးကျေးရွာအုပ်စု၊ ကွေ့ကြီးကျေးရွာအုပ်စု၊ ဝိုင်းပတ်ကျေးရွာအုပ်စု၊ လက်ပံကျေးရွာအုပ်စုမှ တာဝန်ရှိသူများအား ရေဘေးကြိုတင်ကာကွယ်ရေးပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရပ်ရွာအတွင်း ကြိုတင်အသိပေးကြေညာခြင်း၊ ကြိုတင်ရွှေ့ပြောင်းရန် လိုအပ်သည့်နေအိမ်နှင့် လယ်တဲများအား ကြိုတင်ရွှေ့ပြောင်းရန်၊ ကမ်းပါးပြိုကျမှု ဖြစ်ပေါ်နိုင်သဖြင့် ကမ်းပါးရှိနေအိမ်များ ကြိုတင်ရွှေ့ပြောင်းရန် ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအလိုက် တာဝန်တိကျစွာ သတ်မှတ်၍  စုဖွဲ့ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်းနှင့် စစ်တောင်းမြစ်ဘေး ကျေးရွာနေပြည်သူများအနေဖြင့် ပေါ့ဆစွာမတွေးဘဲ သတိပြု၍ ကြိုတင်ပြင်ဆင်ခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် နှိုးဆော်အသိပညာပေးကြောင်း သိရသည်။

စိုးမိုး(ပြန်/ဆက်)