တောင်ငူ စက်တင်ဘာ ၁၄
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၌ စစ်တောင်းမြစ်ရေ စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး ယမန်နေ့နံနက်ပိုင်းတွင် အထက်မြစ်ညှာမှ မြစ်ရေများဆုံဆင်းလာ၍ ရပ်ကွက်နှင့်ကျေးရွာများရှိ မြေနိမ့်ပိုင်းများသို့ မြစ်ရေဝင်ရောက်လျက်ရှိကာ မြေနိမ့်ပိုင်းရှိပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်းသိရသည်။
တောင်ငူမြို့၊ အမှတ် (၁)၊ (၈)၊ (၉)၊ (၁၀)၊ (၁၉)၊ (၂၀)၊ (၂၃)ရပ်ကွက်နှင့် ကျေးရွာများရှိမြေနိမ့်ပိုင်းများ၊ ယိုးဒယားပေါက်အနီး ရန်ကုန်-မန္တလေးလမ်းဟောင်း လမ်းမကြီးပေါ်သို့ စစ်တောင်းမြစ်ရေ ဝင်ရောက်လျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများအား တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ငူတပ်နယ်မှ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးလျက်ရှိကြောင်း၊ တောင်ငူမြို့ပေါ်တွင် ရေဘေးရှောင်စခန်း (၄၅)ခု ဖွင့်လှစ်ထားလျက်ရှိပြီး တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့မှ ဦးဆောင်၍ အဆိုပါရေဘေးရှောင်စခန်း ၄၅ခုတွင် ဆန်၊ဆီ၊ ကြက်ဥ၊ သောက်ရေသန့်နှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးနိုင်ရန် ဆောင်ရွက်ပေးထားလျက်ရှိကြောင်း၊ တောင်ငူခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကွပ်ကဲမှုရုံးကို သာသနာ့ဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားလျက်ရှိကြောင်း၊ ရေဘေးသင့်ပြည်သူများအတွက် ဖုန်းနံပါတ်-၀၉၅၀၃၂၆၄၆ သို့ အရေးပေါ်ဆက်သွယ်နိုင်ကြောင်း သိရသည်။
တောင်ငူမြို့၏ စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေအမှတ် (၆၀၀) အထက်ကျော်လွန်ပြီး (၇၃၅)စင်တီမီတာသို့ ရောက်ရှိနေရာ ယခုနှစ်၌ တောင်ငူမြို့တွင် အမြင့်ဆုံးရေကြီးမှုမျိုးဖြစ်ကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
ဇော်ကိုကို(တောင်ငူ)