တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) သို့ တက်ရောက်

ထားဝယ်  စက်တင်ဘာ ၁၄

၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) ကို ယမန်နေ့နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ကောက်ယူမှာဖြစ်သည့်အတွက် ပြင်ဆင်ချိန် (၁၆)ရက်သာ ကျန်ရှိကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း စာရင်းကောက်ကွက်ပေါင်း (၂၆၈၃)ကွက်ကို စာရင်းကောက်ရန်လျာထား၍ စာရင်းစစ်၊ စာရင်းကောက်(၁၀၄၅)ဦးကို ခန့်အပ်တာဝန်ပေးအပ်ပြီး သမာရိုးကျ အိမ်ထောင်စုအတွက်စာရင်းစစ်များအနေဖြင့် ပညာရေးဝန်ကြီးဌာနမှ ဆရာ/ဆရာမ (၁၉၁)ဦး၊ စာရင်းကောက်များအနေဖြင့် ဆရာ/ဆရာမ (၇၆၄)ဦး၊ အဖွဲ့အစည်းကောက်ကွက်အတွက် (တပ်ရင်းတပ်ဖွဲ့/ ရဲတပ်ရင်း/ အကျဉ်းထောင်/ သစ်တော) စာရင်းစစ်(၁၁)ဦး၊ စာရင်းကောက်(၁၉)ဦးအပြင် အရန်အဖြစ် စာရင်းစစ်(၂၁)ဦး၊ စာရင်းကောက်အတွက် (၃၉)ဦး စုစုပေါင်း စာရင်းစစ် (၂၂၃)ဦး၊ စာရင်းကောက်(၈၂၂)ဦးအား အတည်ပြုခန့်ထာပြီးဖြစ်ကြောင်း၊ စမ်းသပ်သန်းခေါင် စာရင်း ကောက်ယူခြင်းအား Mobile Tablet များဖြင့် ကော့သောင်းမြို့နယ်ရှိ ဘုရင့်နောင် ရပ်ကွက်မှာ ကောက်ကွက် (၁)ကွက်၊ ပုလုံးတုံးတုံးကျေးရွာမှာ ကောက်ကွက် (၂)ကွက်၊ စုစုပေါင်း ကောက်ကွက် (၃)ကွက်ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်ထိ တစ်အိမ်တက်ဆင်း ရာနှုန်းပြည့် အောင်မြင်စွာကောက်ယူခဲ့ပြီးဖြစ်ကြောင်း၊ စမ်းသပ်သန်းခေါင်စာရင်းတွင်အသုံးပြုသည့်မေးခွန်း (၆၈)ခုပါဝင်ပြီး အိမ်ထောင်စုမေးခွန်းနှင့်မေးခွန်း (၁၈)ခု ပါဝင်သည့်အဖွဲ့အစည်းမေးခွန်းများကို Tablet များဖြင့် အသုံးပြုကောက်ယူသွားမှာဖြစ်ကြောင်း၊ စာရင်းကောက်ယူရေးလုပ်ငန်းတွင် အဓိကအရေးကြီးသည့် အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ စာရေးများသည်အရေးကြီးသည့်အပြင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပြီး အသေးစိတ်စာရင်းဇယားများ စနစ်တကျရေးဆွဲထားရန် လိုအပ်ကြောင်း၊ အခက်အခဲများရှိပါက တင်ပြဆွေးနွေးပေးကြရန် လိုအပ်ကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးနှင့် ပတ်သက်၍ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်အတွင်း အတတ်နိုင်ဆုံးရသည့်နေရာများ သတ်မှတ်ချက်အတိုင်း ကောက်ယူရမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် လူဦးရေဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များအား ကြည့်၍ ဆုံးဖြတ်ရကြောင်း၊ သန်းခေါင်စာရင်းတစ်ခုတည်းမဟုတ်ပဲ အိမ်အကြောင်းအရာ ပါရှိသည့်အတွက်ကြောင့် အရေးကြီးပြီး အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။

တို့နောက် တိုင်းဒေသကြီးသန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးခင်မောင်ချိုက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးယဉ်ထွေးက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ကြိုတင်ပြင်ဆင်ခြင်းလုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီးဝန်ကြီးများနှင့်တက်ရောက်လာသူများက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်