စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးကုန်ဈေးနှုန်းတည်ငြိမ် ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄) တက်ရောက်

မုံရွာ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၄)ကို စက်တင်ဘာလ ၁၃ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မုံရွာမြို့ပေါ်ရှိ ကုန်သည်/စက်မှုအသင်း၊ ကြက်/ငုံး/နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မုန့်လုပ်ငန်းရှင်များတက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က မိမိတို့တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စားသာက်ကုန်နှင့်လူသုံးကုန်များအား ဖူလုံပြည့်ဝစွာထုတ်လုပ်နိုင်ပါက ကုန်ဈေးနှုန်းတည်ငြိမ်မည်ဖြစ်ပါ၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSME လုပ်ငန်းများကို တိုးမြှင့်ထုတ်လုပ်သွားကြရန်လိုအပ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊သားငါးကဏ္ဍနှင့် MSME ထုတ်ကုန်လုပ်ငန်းများအား တိုးမြှင့်ထုတ်လုပ်ခြင်း ဖြင့်ပြည်သူများအလုပ်အကိုင်အခွင့် အလမ်းများရရှိခြင်း၊ ထုတ်ကုန်များပေါများခြင်းနှင့် ကုန်ဈေးနှုန်းမြင့်မားမှုမရှိစေရေးအတွက် အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ ပြည်ိပမှတင်သွင်းဖြန့်ဖြူးရသည့် စက်သုံးဆီ၊ စားသုံးဆီများကို လည်းသတ်မှတ်ရည် ညွှန်းဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ် စနစ်တကျမှန်ကန်စွာ ဖြန့်ဖြူးရောင်းချသွားကြရန်နှင့် ဆန်နှင့်ဆေးဝါးများအား ဈေးနှုန်းမြှင့်တင် ရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ဈေးကစားခြင်း၊ ဈေးနှုန်းမြှင့်တင်ရောင်းချမှုများ မရှိစေရေးအတွက် တာဝန်ရှိသူများမှ မြေပြင်အထိကွင်းဆင်း၍ အနီးကပ်ကြီးကြပ်မှုများ ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊

မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးမွေးမြူထုတ်လုပ်မှုအားအား ပေးပံ့ပိုးခြင်း၊ ဒေသတွင်းစီးပွားရေးလုပ်ငန်းရှင်များအား ပေါင်းစပ်ညှိနှိုင်းပေးခြင်း၊ တရားမဝင်ကုန်သွယ်မှုနှင့် ဥပဒေနှင့်မညီသည့် မတော်လောဘစီးပွားရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်မှုအား ပျက်ပြားစေမည့်ကိစ္စရပ်များ မဖြစ်အောင်ထိန်းကျောင်းကြပ်မတ်ခြင်း၊ ကုန်စည်စီးဆင်းမှုမှန်ကန်စေရေး၊ ကုန်ကြမ်းလုံလောက်စွာ ဝင်ရောက်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် လိုအပ်မှုများမရှိအောင် တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊ မိမိတိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် စိုက်ပျိုးရေးတောင်သူများအားလုံး ပူးပေါင်းဆောင်ရွက်ကာ တိုင်းဒေသကြီး၏ ကုန်ဈေးနှုန်းတည်ငြိမ်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက မိမိတို့ဌာနများအနေဖြင့် တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် MSME လုပ်ငန်းများ ဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ထို့နောက် အစည်းအဝေးသို့တက်ရောက်လာကြသော မုံရွာမြို့ပေါ်ရှိ ကုန်သည်/ စက်မှုအသင်း၊ ကြက်/ငုံး/နို့စားနွားမွေးမြူရေးလုပ်ငန်းရှင်များနှင့် မုန့်လုပ်ငန်းရှင်များက မိမိတို့လုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ ထုတ်လုပ်တင်ပို့ ဖြန့်ဖြူးရောင်းချနေမှုများနှင့် ပူးပေါင်းဆောင်ရွက် ပေးလိုသည်များအား အသီးသီးဆွေးနွေး တင်ပြကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် လည်းကောင်း၊ မုံရွာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့မှ မိမိတို့ခရိုင်အတွင်း မြို့နယ်များ၌ ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာကြသည့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်း ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းများဆောင် ရွက်နေမှုလုပ်ငန်းများနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က အစည်းအဝေးသို့တက် ရောက်လာသူများ၏ အသီးသီးဖြည့်စွက်ဆွေးနွေး အကြံပြုတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)