မြိတ် စက်တင်ဘာ ၁၃
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၏ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အောင်မြင်စွာ ကောက်ယူနိုင်ရေးအတွက် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်း ခရိုင်အဆင့် နည်းပြသင်တန်းဖွင့်လှစ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြိတ်မြို့ တလိုင်းစုရပ်ကွက်တွင် ခရိုင်အဆင့် နည်းပြသင်တန်းသားများ လက်တွေ့ကွင်းဆင်း လေ့ကျင့်သင်ကြားခဲ့ကြသည်။
သင်တန်းတွင် သန်းခေါင်စာရင်းအကြောင်း သိကောင်းစရာနှင့် ၂ဝ၂၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရေးအစီအမံများ၊ သန်းခေါင်စာရင်းလုပ်ငန်းစဉ်၊ စာရင်းစစ်၊ စာရင်းကောက်များ၏ အခန်းကဏ္ဍများနှင့် တာဝန်များ၊ ဥပဒေပြဌာန်းချက်များ၊ စာရင်းကောက်ကွက်နှင့် စာရင်းစစ်မြေပုံများ၊ အိမ်အကြောင်းအရာမေးခွန်းများ၊ လူဦးရေဆိုင်ရာအချက်အလက် မေးခွန်းများ စသည့်ဘာသာရပ်များကို ခရိုင်အဆင့်နည်းပြ သင်တန်းသားများ အား စာတွေ့သင်ကြားပေးခဲ့ပြီး ပြည်သူလူထုအတွင်း လက်တွေ့ကွင်းဆင်းလေ့ကျင့်သင်ကြားဆောင်ရွက်ကြခြင်း ဖြစ်သည်။
သင်တန်းကို စက်တင်ဘာ(၃)ရက်နေ့မှ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး မြို့နယ်များမှ ခရိုင်အဆင့်နည်းပြ သင်တန်းသား(၃၀)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် နည်းပြများမှ သက်ဆိုင်ရာမြို့နယ်အလိုက် မြို့နယ်အဆင့်သင်တန်းများကို ဆက်လက်ဖွင့်လှစ်သွားကြမည် ဖြစ်သည်။ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများအလိုက် သန်းခေါင်စာရင်းကောက်ကွက်များတွင် စာရင်းကောက်အဖွဲ့များမှ အောက်တိုဘာလ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ စာရင်း ကောက်ဆောင်ရွက်သွားမည်ဖြစ်ကြာင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)