ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စက်ချုပ်သင်တန်းဖွင့်လှစ်

ပဲခူး စက်တင်ဘာ ၁၃

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပဲခူးမြို့၊ ရွှေမော်ဓောဘုရားလမ်း၊ သီရိဟံသာခန်းမ၌ကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြင့်မားရေး၊ မြို့ပြနှင့်ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဘက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားရရှိလာစေရေး တစ်ပိုင်တစ်နိုင် အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယခုသင်တန်းတွင် အမျိုးသမီးဝတ်မျိုးစုံနှင့် အမျိုးသားဝတ်မျိုးစုံအား မီလီမီတာတိုင်းထွာနည်းစနစ်ဖြင့် ဈေးကွက်ဝင် အထည်များချုပ်လုပ်နိုင်ရေး သင်ကြားပေးသွားမည်ဖြစ်၍ သင်တန်းသူများနေဖြင့် အလေးအနက်ထား လိုက်နာသင်ယူကြရန်နှင့် လက်တွေ့ဘဝတွင်လည်း အိုးမကွာအိမ်မကွာ ဝင်ငွေရသည့်လုပ်ငန်းအဖြစ် ဆက်လက်လုပ်ကိုင်ပြီး အောင်မြင်သည့်လုပ်ငန်းငယ်များ ဖြစ်သည်အထိ ဆောင်ရွက်သွားကြစေလိုကြောင်း၊ ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့က သင်တန်းတက်ရောက်မည့် သင်တန်းသူများအတွက် သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြသည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများက သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး သင်တန်းတွင်သင်ကြားပေးမည့် အထည်ကုန်ကြမ်း၊ ဝတ်စုံနမူနာနှင့် သင်ထောက်ကူပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)