မုံရွာမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

မုံရွာ စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်း‌ဒေသကြီး မုံရွာခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က မုံရွာမြို့နယ်၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ယဥ်‌မင်းငြိမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူ လူငယ်လေးများ စကားပြောစွမ်းရည်မြင့်မားလာစေရန်၊ လူထုပရိတ်သတ်အ‌ရှေ့၌ ပြောဆိုဆွေးနွေးတတ်စေရန်၊ တစ်ဦးနှင့်တစ်ဦး တိုင်ပင်ဆွေးနွေးခြင်းအလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ စာပေဖတ်ရှုလေ့လာ၍ ရရှိလာသည့် အသိပညာဗဟုသုတများကို ပြန်လည်မျှဝေတတ်စေရန်နှင့် ပူးပေါင်းဆောင်ရွက်တတ်သော အလေ့အကျင့်ကောင်းများရရှိစေရန် စသည်ဖြင့် ပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက  လူငယ်စကားဝိုင်းကျင်းပခြင်းနှင့်ပတ်သက်၍ ကျောင်းသားလူငယ်များအတွက် ကောင်းကျိုးရှိစေရန်ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ပြီး ပစ္စုပ္ပန်ကောင်းကျိုးနှင့် နောင်အနာဂတ်ကောင်းကျိုးတို့ များစွာရရှိမည်ဖြစ်ကြောင်း စသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီးနောက် လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ကျင်းပရာ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်‌ထောက်ညွှန်ကြားရေးမှူးက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး အမှတ်(၃)အ.ထ.က ကျောင်းသားကျောင်းသူများက “လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်မူးယစ်ဆေးဝါး အန္တရာယ်၊  လူငယ်နှင့်စာပေ”စသည့်ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြသည်။

ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများမှ ဆွေးနွေးချက်များအပေါ် သိလိုသည်များကိုမေးမြန်းခဲ့ကြရာ ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခြင်း၊ ဦးဆောင်ဆွေးနွေးပေးသူများမှလည်း မေးမြန်းသည့် အချက်များကို ပိုမိုပြည့်စုံစေရန် ပြန်လည်ဖြည့်စွက် ဖြေကြားဆွေးနွေးပေးခြင်းတို့ဖြင့် စကားဝိုင်းတွင် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါကျင်းပသည့် လူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားသို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က(၃)ကျောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ (၂၅၀) ဦးခန့် တက်‌ရောက်ခဲ့ပြီး  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရှိရသည်။      
ခရိုင်(ပြန်/ဆက်)