ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကြိုတင်ပြောင်းရွှေ့ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

ရေနံချောင်း စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှု ဘေးအန္တရာယ်ကျရောက်နိုင်သည့်အတွက် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် မာန်မြေအနောက်စုကျေးရွာနှင့် ရုံးဆိပ်ကျွန်းကျေးရွာတို့မှ အိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျင်းပသည်။

ထိုသို့ထောက်ပံ့ရာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုကျမှုဘေးအန္တရာယ် ကျရောက်နိုင်သည့်အတွက် ယခုလ ၅ ရက်နေ့နှင့် ၆ ရက်နေ့တို့တွင် ရေဘေးလွတ်ရာသို့ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့် မာန်မြေအနောက်စုကျေးရွာနှင့် ရုံးဆိပ်ကျွန်းကျေးရွာတို့မှ နေအိမ် ၂၀ လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၂၀ သိန်း၊ အိမ်ထောင်စု ၂၀ မှ လူဦးရေ ၇၁ ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ ၁၄၉၁၀၀ ကျပ် စုစုပေါင်းထောက်ပံ့ငွေ ၂၁၄၉၁၀၀ ကျပ်ကို မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြည်ပြာစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေးအောင်တို့က ကျေးရွာတာဝန်ခံများနှင့် ပြောင်းရွေ့အိမ်ထောင်စုများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)