နတ်တလင်း စက်တင်ဘာ ၁၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ ကျေးရွာစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးမှ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး၊ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းများ အောင်မြင်နိုင်ရေးပါဝင်ကူညီဆောင်ရွက်ပေးနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ရပ်ကွက်/ ကျေးရွာများတွင် ကြိုတင်ကာကွယ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ စိုက်ပျိုးရာသီအလိုက် အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းစဥ်များ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ MSME လုပ်ငန်းရှင်များအား ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများမှ ပူးပေါင်းကူညီဆောင်ရွက်ပေးနိုင်ရေး၊ မြို့ရွာသန့်ရှင်းသာယာလှပ စေရေးအလေးထားဆောင်ရွက်နိုင်ရေးနှင့် လုံခြုံရေးကိစ္စများ အထူးဂရုစိုက်ဆောင်ရွက်ကြရန်တို့ကို ဆွေးနွေး ပြောကြားသည်။
ထို့နောက် ဌာနဆိုင်ရာအကြီးအကဲများက ဌာနအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းအခြေအနေများကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)