မကွေး စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၌ ၂၀၂၄ ခုနှစ်၊ ယနေ့တွင်ကျရောက်သည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား စာတန်းပါ ဆိုင်းဘုတ်ပိုစတာစိုက်ထူခြင်းနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို မကွေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ယနေ့နံနက်ပိုင်းက မကွေးမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးမြေစိုက်ပိုစတာ Billboard စိုက်ထူခြင်းကို မကွေးမြို့ ကန်ပြားလမ်းဆုံနှင့် မကွေးမြို့ အဝေးပြေးကားကြီးကွင်းတို့တွင် ၂၀၂၄ ခုနှစ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ်နှင့် လူကုန်ကူးမှုများနှင့်ပတ်သက်ပြီး သတင်းပေးပို့နိုင်သည့် ဖုန်းနံပါတ်များပါဝင်သည့် အသိပညာပေး မြေစိုက်ပိုစတာများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ အမှတ်(၂)၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းစိုက်ထူခဲ့ကြပြီး အဝေးပြေးကားကြီးကွင်းတွင် ပြည်သူများအား လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
မကွေးမြို့၊ အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ တာဝန်ရှိသူများအနေဖြင့် လူကုန်ကူးခံရခြင်းနှင့်ပတ်သက်သည့် ဆိုးကျိုးများ၊ လူကုန်ကူးမခံရအောင် သတိပြုရှောင်ရှားရမည့်အချက်များ၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့် လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများကို မကွေးမြို့နယ်ရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းများတွင် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အောင်ကို(ဖန်ခါးမြေ)