ဆိပ်ဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကျင်းပ

ဆိပ်ဖြူ စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြိုနယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အောင်မြင်စွာကောက်ယူနိုင်ရေး လူထုအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေသဲဖြူခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစည်သူနေမျိုးက လူဦးရေစာရင်း တိကျမှန်ကန်ရေး၊ ပြည်သူအားလုံးပါဝင်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းသူက သန်းခေါင်းစာရင်းအဓိပ္ပါယ်၊ ရည်ရွယ်ချက်၊ သန်းခေါင်းစာရင်းကောက်ယူမည့် အချိန်ကာလ၊ နည်းလမ်း၊ သန်းခေါင်စာရင်းတွင်အသုံးပြုမည့် မေးခွန်းပုံစံ၊ သန်းခေါင်စာရင်းကောက်ယူရမည့်သူများနှင့် မကောက်ရမည့်သူများ၊ မှန်ကန်စွာဖြေဆိုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ၊ ဖြေကြားသည့် အချက်အလက်များ လုံခြုံစိတ်ချရမှုနှင့် အကာအကွယ်ပေးသည့် ဥပဒေပြဋ္ဌာန်းထားမှုအပါအဝင် သန်းခေါင်းစာရင်းကောက်ယူခြင်းဖြင့်ရရှိလာနိုင်မည့် အကျိုးကျေးဇူးများအား မြို့နယ်အတွင်းရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် ရှင်းလင်းကာ သန်းခေါင်စာရင်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ညွန့်နန္ဒာတင်