ပဲခူး စက်တင်ဘာ ၁၃
ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ဆည်မြောင်းလမ်းရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၌ ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်းရင်းသားဒေသများတွင် သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က ပဲခူးတိုင်းဒေသကြီးအတွင်း တိုင်းရင်းသားမျိုးစုံ နေထိုင်ကြသည့်အနက် စကောကရင်၊ အရှိုချင်း၊ မွန်၊ ရှမ်း၊ ပအိုဝ်းတိုင်းရင်းသားများနေထိုင်ကြတဲ့ တိုင်းရင်းသားဒေသများရှိကြောင်း၊ အောက်တိုဘာလ(၁)ရက်နေ့မှာ စတင်မဲ့သန်းခေါင်စာရင်းကောက်ယူရေးမှာ တိုင်းရင်းသားများနေထိုင်တဲ့ ဒေသများရှိ တိုင်းရင်းပြည်သူများအတွက် လူဦးရေနှင့် အိမ်ထောင်စုစာရင်းကောက်ခံမေးမြန်းတဲ့အခါမှာ ဘာသာစကားနားလည်တတ်ကျွမ်းတဲ့သူများ ပါဝင်ကောက်ခံနိုင်ဖို့အရေးကြီးကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း၌ တိုင်းရင်းသားဘာသာစာပေသင်ကြားတဲ့ အခြေခံပညာကျောင်းပေါင်း (၃၀၀) ကျော်ရှိပြီး တိုင်းရင်းသားစာပေသင်ကြားတဲ့ (TS/LT) ဆရာ၊ ဆရာမ စုစုပေါင်း(၃၂၀)ဦးကျော်ရှိကြရာ သက်ဆိုင်ရာတိုင်းရင်းသားဘာသာစကားကို တတ်ကျွမ်းနားလည်ကြတဲ့အတွက် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နိုင်ကြမှာဖြစ်ကြောင်း၊ သက်ဆိုင်ရာတာဝန်ရှိဌာနတွေအနေဖြင့် အဆိုပါ ဆရာ၊ ဆရာမများအား မြို့နယ်အဆင့်စာရင်းစစ်/ စာရင်းကောက်သင်တန်းတွေမှာ တက်ရောက်နိုင်ရေးအတွက် စီစဥ်ဆောင်ရွက်ပေးစေလိုကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်ဝင်းဦးက ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး (ပညာ) ဆရာကြီး ဦးခင်အောင်ရီက တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားဘာသာစာပေသင် ဆရာ၊ ဆရာမ(TA/LT)များ သန်းခေါင်စာရင်းကောက်ယူရာတွင် အထောက်အကူဖြစ်စေရေးနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စရပ်များကိုလည်းကောင်း ဆွေးနွေးရှင်းလင်း ပြောကြားကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့် ယဥ်ကျေးမှုအဖွဲ့နှင့် (TA/LT) ဆရာ၊ ဆရာမများက သိရှိလိုသည်များမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းအောင်က နိဂုံးချုပ်အမှာစကားပြောကြားကာ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)