ဘိုကလေးမြို့နယ်တွင် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများဆောင်ရွက်

ဘိုကလေး စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်များ အသိပညာ၊ ဗဟုသုတဖွံ့ဖြိုးတိုးတက်ပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းရတနာများ ဖြစ်ပေါ်လာစေရေးကိုရည်ရွယ်၍ ယမန်နေ့ နေ့လယ်(၁)နာရီတွင် ဘိုကလေးမြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကာ ကျောင်းသားလူငယ်များအား အသိပညာပေးဟောပြောပွဲနှင့်အတူ ကဏ္ဍစုံနံရံကပ်စာစောင်များ ပြသဆောင်ရွက်ခဲ့သည်။

အသိပညာပေး ဟောပြောရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်ဝေဝေမြင့်က နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်စု၏ တန်ဖိုးသည် ထိုခေတ်တွင်ရှိသော လူငယ်များ၏ တန်ဖိုးဖြင့်တိုင်းတာနိုင်သကဲ့သို့ လူငယ်များ၏ တန်ဖိုးအရည်အသွေး မြင့်မားစေရေးအတွက် ယဉ်ကျေးမှုဟူသည့်ကဏ္ဍသည် အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ် ပါဝင်ကြောင်းစသည့် လူငယ်နှင့်ယဉ်ကျေးမှုဆက်စပ်နေသော အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်မောင်မယ်များအား အကျယ်တဝင့် အသိပညာပေးဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး၊ ဒေါ်ခင်စန်းအေးက စားသောက်ကုန်များတွင် ဖော်ပြရိုက်နှိပ်ထားသည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စားသောက်ကုန်များတွင် ထည့်သွင်းထားသော ဆိုးဆေးများ၏ အန္တရာယ်များအကြောင်းတို့အား အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါး၏ အန္တရာယ်နှင့် ဆိုးကျိုးများ၊ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာများအစရှိသော ကဏ္ဍစုံနံရံကပ်စာစောင်များအား ပြသဆောင်ရွက်ရာ ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)