ကန့်ဘလူ စက်တင်ဘာ ၁၃
ကန့်ဘလူခရိုင်အတွင်း ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား ပထမနေ့အဖြစ် ကန့်ဘလူမြို့ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းခန်းမ၌ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့နံနက်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က(၁)တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်သီတာအေးက အမှတ်ပေးစည်းမျဥ်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျပန်းစကားပြောပြိုင်ပွဲကို ကျင်းပရာ စာပေ၏အကျိုးကျေးဇူး၊ စာဖတ်ခြင်းအကျိုး၊ တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်အများဆုံးရခဲ့လျှင်၊ ကျွန်ုပ်သာ သန်းကြွယ်သူဌေးဖြစ်ခဲ့လျင်နှင့် ကျွန်ုပ်သာစာရေးဆရာဖြစ်ခဲ့သော် စသည့်ခေါင်းစဥ် ငါးခုကိုမဲနှိုက်၍ ကျရာခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၁၀ ဦးကလည်းကောင်း၊ ပုံပြင်ပြောပြိုင်ပွဲတွင် မိမိကြိုက်နှစ်သက်ရာခေါင်းစဥ်ဖြင့် ကျောင်းသားကျောင်းသူ ၁၂ ဦးကလည်းကောင်း ပါဝင်ယှဥ်ပြိုင်ကြသည်။
ထို့ပြင် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား/ကျောင်းသူ ၃၁ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် သုတရသစာအုပ်စာစောင်နှင့် အသိပညာပေး နံရံကပ်စာစောင်များကို တက်ရောက်လာကြသော ကျောင်းသား ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။ အဆိုပါပြိုင်ပွဲများတွင် ဆုရရှိသူကျောင်းသားကျောင်းသူများအား စက်တင်ဘာ ၁၃ ရက်နေ့၌ ကျင်းပမည့် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားတွင် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)