နတ်မောက်မြို့နယ်တွင် ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေး ရေနုတ်မြောင်များအား စက်ယန္တရားများဖြင့် ဆောင်ရွက်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

နတ်မောက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြို့ပေါ်ရပ်ကွက်များ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေကြီးရေလျှံမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးလုပ်ငန်းများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက အောင်ဆန်းရပ်ကွက် နဒီလမ်းရေထွက်ပေါက်နှင့် ရေလမ်းကြောင်းတစ်လျှောက် ရေစီးဆင်းမှုအခြေအနေတို့ကို အမှုဆောင်အရာရှိမှ တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက မိမိမြို့နယ်နိမိတ်အတွင်း ရေကြီးရေလျှံမှုမဖြစ်ပေါ်စေရေးနှင့် ရေစီးရေလာကောင်းမွန်စေရေး၊ ရေညစ်ညမ်းမှုများကြောင့် ခြင်ပေါက်ပွားမှုများမဖြစ်ပေါ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းမှုရှိစေတို့အတွက် ရေစီးရေလာကောင်းမွန်သည့်  မြေသားရေနုတ်မြောင်းများနှင့် အုတ်ရေမြောင်း တူးဖော်ခြင်းများ အလေးထားဆောင်ရွက်လျက်ရှိပြီး  စက်တင်ဘာ (၁၀) ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ရေသွားလာမှုအား တိုးချဲ့ပိတ်ဆို့ထားမှုအပေါ် အဖွဲ့ပိုင်စက်ယန္တရားဖြင့် တူးဖော်ဖယ်ရှားဆောင်ရွက်နေမှုအား အမှုဆောင်အရာရှိ၊ တာဝန်ခံအင်ဂျင်နီယာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများမှ ပူးပေါင်း၍ ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

မူမူစန်း