စစ်ကိုင်းတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

စစ်ကိုင်း စက်တင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းပညာရေးတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား) တိုင်းဒေသကြီး သယံဇာတရေးရာ ဝန်ကြီးဦးတင်သန်းဝင်း၊  တိုင်းဒေသကြီးနှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ပြိုင်ပွဲဝင်များ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်(ကိုယ်စား) တိုင်းဒေသကြီး တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အဖွင့်အမှာစကား ပြောကြားရာတွင် “ယဉ်ကျေးမှုပျောက်ရင် လူမျိုးပျောက်မှာဖြစ်တဲ့အတွက်   ကိုယ့်ယဉ်ကျေးမှုများ၊ အမျိုးသားရေးလက္ခဏာများ၊ ဓလေ့ထုံတမ်းအစဉ်အလာများကို အစဉ်ထိန်းသိမ်း မြှင့်တင်ပေးနေရမှာဖြစ်ကြောင်း၊ အနောက်တိုင်းတေးဂီတများနှင့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ  ဝင်ရောက်လာမှုကို တားဆီး၍မရသော်လည်း ဆက်လက်ပြီး စိမ့်ဝင်ပျံ့နှံ့မှုမရှိစေရန် ယခုလို မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲများနှင့် အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ ဖော်ဆောင်ပေးနေကြတဲ့ ပွဲတော်ကြီးများမှာ တစ်မျိုးသားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုကြောင်း ပြောကြားခဲ့ပြီး ဇေယျာလူမှုထူးချွန် ဒုတိယအဆင့် နိုင်ငံတော် အဆိုပညာရှင် ရွှေတံဆိပ်(၆)ဆုရ ဒေါ်သန္တာရေးသားသော “ လက်ဆင့်ကမ်းဝေ မျိုးဆက်အမွေ’’ တေးသီချင်းအား ဒေါ်ဧကရီဗိုလ်ဗိုလ်နှင့် ပြိုင်ပွဲဝင်များက သီဆိုဧည့်ခံဖျော်ဖြေခဲ့ကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကိုကျင်းပရာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်း ဝင်းက အခြေခံပညာ(၁၀-၁၅)အမျိုးသားအက၊ (၁၅-၂၀)အမျိုးသားအက၊ အဆင့်မြင့်ပညာအဆင့် အမျိုးသမီးအက၊ ကျေးလက်ရိုးရာ အကတို့တွင် ပထမရရှိကြသော ပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တိုင်းဒေသကြီး/ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ဘာသာရပ်အလိုက်ပြိုင် ပွဲအသီးသီးတွင် ဆုရရှိခဲ့ကြသော ပြိုင်ပွဲဝင်များအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဆုရရှိသူများက ပြန်လည်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)