ကျောင်းကုန်းမြို့၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ပို့ချပေး

ကျောင်းကုန်း စက်တင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံစာကြည့်တိုက် ပညာသင်တန်းကို ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းတွင် သင်တန်းနည်းပြဆရာမ ဒေါ်လှိုင်ပို့ပို့ဇင်(ဦးစီးအရာရှိ)က စာအုပ်စာစောင်များ ထိန်းသိမ်းထားရှိမှု၊ တိုးတက်မှုရရှိစေရေး၊ မှတ်သားမှုစနစ်များ၊ အခြေခံဒယူဝီဒဿမ မျိုးတူစုစနစ်နှင့် ကတ်တလောက်လုပ်ငန်းများအား သင်ကြားပေးမည်ဖြစ်ပြီး၊ သင်တန်းနည်းပြဆရာ ဦးသက်မင်းဟန်(ဒုတိယ ဦးစီးမှူး)က မျိုးတူစုပြုစုခြင်း၊ မျိုးတူစုပြုစုရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ မျိုးတူစုပြုစုရာတွင် အထောက်အကူပြုသောအချက်များနှင့် အခြေခံပညာရပ်(၁၀)မျိုးအား စက်တင်ဘာလ (၁၂)ရက်နေ့မှ (၁၃)ရက်နေ့အထိ နှစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အဆိုပါ အခြေခံစာကြည့်တိုက်ပညာသင်တန်းသို့ စာကြည့်တိုက်(၁၂)ခုမှ စာကြည့်တိုက်မှူးအပါအဝင် သင်တန်းသား(၂၀)ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)