နတ်မောက်မြို့နယ်၌ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေး

နတ်မောက် စက်တင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နေ့လယ် (၂)နာရီအချိန်က မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်နှင့် ကျေးရွာ (၂)ရွာတို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ လိုက်လံနှိုးဆော်ခဲ့ရာတွင် မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိက မိုးရာသီကာလ၌ မိုးသည်းထန်စွာ ရွာသွန်းသည့်အချိန်ခါတွင် ရေကြီးရေလျှံဖြစ်ပေါ်လာပါက လိုက်နာရမည့်အချက်များ၊ ရေကြီးရေလျှံမဖြစ်ပွားမီ ကြိုတင်ပြင်ဆင်ရမည့်အချက်များ၊ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်အတွင်း လေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျားမိုးထစ်ချုန်းရွာခြင်း စသည့် မိုးလေဝသဖြစ်စဉ်များကို မြို့ပေါ်ရှိ ဈေးရပ်ကွက်၊ ကန်ကြီးရပ်ကွက်၊ ရန်အောင်မြင်ရပ်ကွက်၊ မြို့မရပ်ကွက်၊ အင်းကုန်း(တ)ကျေးရွာနှင့် အင်းကုန်း(မ)ကျေးရွာတို့ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လှဝင်း