ပွင့်ဖြူမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲကျပြီး လမ်းပိတ်ဆို့နေမှုအား ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်

ပွင့်ဖြူ စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် စိုက်ပျိုးရေးသိပ္ပံကျောင်းအနီး ပွင့်ဖြူ-မင်းဘူးသွား ကားလမ်းမပေါ်သို့ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်းသိရ၍ ယနေ့နံနက် ၆ နာရီ အချိန်ခန့်က ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးအတွက် သွားရောက်ခုတ်ထွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကားလမ်းမပေါ်လဲကျသည့် သစ်ပင်မှာ လုံးပတ် ၄ ပေခန့်၊ အမြင့်ပေ ၄၅ ခန့်ရှိပြီး မိုးရွာသွန်းမှုကြောင့် မြေသားခိုင်မှုမရှိသည့်အတွက် လဲကျခဲ့ခြင်းဖြစ်ပြီး ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်လမ်းဦးစီးဌာနတို့နှင့်ပူးပေါင်းပြီး ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ မြို့တွင်းဖြတ်သန်းသွားလာရာ၌ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် စနစ်တကျ စုပေါင်းခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြသည်။ ယင်း သစ်ပင်လဲကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်ထံမှ သိရသည်။

အလားတူ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာ မြို့မရပ်၌ သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့သဖြင့် ကျောင်းတော်ရာနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးမျိုးမင်းအောင် ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများ အန္တရာယ်ကင်းစွာသွားလာနိုင်ရေးအတွက် ချက်ချင်းသွားရောက် ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။    

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)